Gekkou:Volume 1 ကျားစီးကရက်

From Baka-Tsuki
Jump to navigation Jump to search

နောက်နေ့ ကျောင်အသွား အိပ်ရေးပင်မဝ ၊ Tsukimori ကိုမတွေ့မိ။ သို့သော် မည်သူမျှ သူမ မလာသည်ကို သတိမထားမိ။ Usami မှာတော့ ကျွန်တော် လမ်းလျှောက် သည်ကို တိတ်တဆိတ် ချောင်းကြည့်နေပြီး Tsukimori နှင့် ပတ်သတ်၍ တခုခု မေးချင်ပုံ။ ထိုမျှ တွန့်ဆုတ် နေသည်က သူမနှင့်ပင် မတူ။ ကြည့်ရသည်မှာ ဟိုတနေ့မှ သူမ ဖွင့်ပြောမိသည်ကို ယခုထိ စိတ်ထဲတွင် ပျောက်သေးဟန် မပေါ်။

မျက်လုံးထဲ Usami ဒေါသထွက်ပြီး အိပ်ရာပေါ်တွင် လှိမ့်နေမည့်ပုံကို မြင်ယောင်မိသည်။ ရုတ်တရက် မျက်လုံးချင်ဆုံမိသည်။ သူမ ချက်ချင်း အကြည့်လွဲသွားသည်။ သူမ နားရွက်ဖျားနှင့် လည်ပင်းများ ရဲကနဲ။ ကြည့်ရသည်မှာ ကျွန်တော်စိတ်ကူးမှန်ပုံ ရသည်။ ချစ်စရာကောင်းသည့် သူမကို ကြည့်ရင် မပြုံးပဲမနေနိုင်။

“ဘာဖြစ်လို့လဲ Usami?”

“….အာ! ဘ-ဘာလဲ? ဘာကိုလဲ? ဘာဖြစ်လို့လဲ?” ထိတ်လန့်ကာ စကားပင်ပီအောင် မပြောနိုင်တော့ပဲ မတ်တပ်ထရပ်လိုက်သည်။

“ငါကို မေးချင်တာ ရှိလား?”

“ဟင့်-ဟင့်အင်း မကြားချင်ဘူး! အခုမဟုတ်ဘူး! ငါကိုယ် အချိန်နည်းနည်းပေးပါဦး! ငါအခုမကြားချင်သေးဘူး!”

လတ်စသတ်တော့ ဒီလိုကိုး။ စိတ်ထဲတွင်တော့ သက်ပြင်းချလိုက်မိပြီး သူမ ငြိမ်အောင် ထိန်းသည့် အနေဖြင့် “နင်ငါ့ကို Tsukimori အကြောင်း မေးချင်လို့လား?”

“….. အား နင်ပြောတာ ဒါကိုလား” ဟု သက်ပြင်းချကာ Usami စိတ်သက်သာရာပြီး အသံခပ်မာမာဖြင့် “အေးဟုတ်တယ် ဘာလို့ သူဒီနေ့ ကျောင်းပျက်တာလဲ”

ဘေးမှာ ထိုင်နေသော Usami ခေါင်းကိုမော့ပြီး ရှဉ့်လေးလို။

“မသိ ကြည့်ရတာ မနေ့က မိုးရွာလို့ ဖျားလို့ နေမှာပေါ့?” မပြတ်မသားဖြေလိုက်သည်။

ကျွန်တော်ကို Tsukimori ရော ရဲများကပါ သူမအမေ ပျောက်ဆုံးမှုကို တိမ်ချန်ထား ကြသည် မဟုတ်။ သို့သော် ထိုကိစ္စနှင့် ပတ်သတ်၍ ပြောပြမည်မဟုတ်။ Tsukimori ဖက်မှ စဉ်းစားလျှင် ကျွန်တော်နှင့်သူမ ထိုအချိန်တွင် ရှိနေသည်က အများအမြင်တွင် မသင့်တော်၊ ထိုကြောင့် ထင်ထားသည်ထက် သူမ ဝမ်းနည်းနေသည်ကို တွေ့သော်လည်း ဘာမှ မတက်နိုင်။ ထိုအပြင် တယောက်ကို ပြောမိပါက ကျန်သူများမှ ကျွန်တော့်ကို အရှင်လတ်လတ် ကင်၊ ဖုတ်၊ ကြော်၊ လှော် မျိုးစုံဖြင့် အညှင်းပန်းအနှိပ်စက် ခံရမည်ကို မြင်ယောင်မိသည်။ အတန်းထဲမှ ပုဂ္ဂိုလ်များ အထူးသဖြင့် kamogawa နှင့် Usami တို့သာ Tsukimori အိမ်သွားသည်ကို သိကြလျှင် ၊ စိတ်ကူးဖြင့်တွေးကြည့်မိရုံဖြင် ခေါင်းကိုက်မိသည်။ ထိုကြောင့် မိမိကိုယ်ကို ကာကွယ်သည့် အနေဖြင့် မပြတ်မသား ဖြေလိုက်သည်။ ပြဿနာကင်းအောင် နေချင်သော်လည်း တစ်ညလုံး မအိပ်ရပဲ ဦးနှောက်သုံး ရသဖြင့် အလွန်ပင်ပန်းလေသည်။

“ကြည့်ရတာ ငါ Youko-san ဆီ သွားလည်ရင် ကောင်းမလား”

မလုပ်နဲ့ ပြောချင်သော်လည်း မရ။ ထိုကြောင့် သက်ပြင်းချကာ အပြစ်တင် လိုသော အကြည့်ဖြင့် “နင့် ကလပ်ကော?”

“အမ်. . . ”

Usami တစ်ယောက် သခင်ထဲမှ ခွင့်တောင်းသည့် ပါပီလေးလို ကြည့်သော် ကျွန်တော်မှ

“ပျက်ဖို့ မကြိုးစားနဲ့” ဟု သတိပေးလိုက်သည်။

” ထင်သားပဲ နင်ပြောမယ်ဆိုတာ”

Usami စားပွဲပေါ်သို့ ခွေကျသွားသည်။

“ဒါဆို နဂိုကတည်းက ခေါင်းထဲမှာ မဆိုင်တာတွေ မထည့်ထားနဲ့လေ!”

“ဒါပေမယ့် ငါစိတ်ပူတယ်!”

Usami နှုတ်ခမ်းကိုစူထားပြီး ခုံပေါ်တွင် မှောက်ရက်။

“ငါဖာသာငါ ဖျားတာနေမှာပေါ့လို့ ပြောတာ ဟုတ်ချင်မှလည်းဟုတ်မှာပေါ့ မနက်ဖြန်မှ ဖုန်းခေါ်ကြည့်လိုက်ပေါ့”

တကယ် အလုပ်ရှုပ်၏။ ကြည့်ရသည်မှာ Tsukimori ကိုပင် ဖုန်းဆက်ပြီး ဖျားနေသည်ဟု လိမ်ခိုင်းရမလို ဖြစ်သော်လည်း မလွယ်လှ။ သို့သော် Usami တစ်ယောက် စားပွဲပေါ် ပါးအပ်၍ ခေါင်းတဆတ်ဆတ် ငြိမ့်နေသည် ကိုတွေ့ရသောအခါ အတော်လေး စိတ်သက်သာမိသည်။

“အမ် ကောင်းပြီလေ”

ဒီနေ့ Tsukimori မရှိသော်ကြောင့်လောမသိ၊ ကျောင်းက ပို၍ ငြိမ်းချမ်းနေသလို။ ထို့ကြောင့် Kamogawa နှင့် ဝိုင်းတော်သား များကလည်း ငြိမ်သက်။ ယခု ကဲ့သို့ ငြိမ်းချမ်းစွာမနေရသည် အတော်ပင်ကြာလေပြီ။ ထို စာရွက်ကိုရမိချိန်မှ စ၍ Tsukimori Youko သည် ဘဝ၏ အရေးကြီးအစိတ်အပိုင်း တစ်ခုဖြစ်လာသည်။ သို့သော် မိမိဆိုလိုသည့် အရေးကြီးသည် ဟုသည့် အဓိပ္ပါယ်မှာ အခြားသူများနှင့် မတူ။

ကျွန်တော် တစ်ယောက်သာ သူမ၏ လျှိုဝှက်ချက် လူသတ်နည်း စာရွက်ကို သိသည်။ သူမကို ထိုစာရွက်နှင့်အတူ သတိထားစောင့်ကြည့်နေသည်။ သူမနှင့် ပြောဆိုဆက်ဆံ နေရခြင်း အဓိကအကြောင်းမှာ သူမအဖေကို သတ်သည်ဟု ယူဆသဖြင့်။ အကြောင်းဆက်အနေဖြင့် သူမနားတွင် တခါမှ အေးအေးချမ်းချမ်း မနေရ။ သို့သော် ထိုနေရက်များ မရှိတော့ ဟု ထင်မိသည်။ ထိုကြောင့် ဘယ်ဘက် အင်္ကျီအိတ်ကပ်ကို စမ်းမိသည်။

“. . . ဒါကြောင့် ငါလည်း နင့်ကို နှုတ်ဆက်တော့မယ်”

သဘာဝကျကျ လေးလံထုံထိုင်းစွာ မပွင့်တပွင့် ပြောမိလိုက်သည်ကို အံဩမိသည်။ ထိုကြောင် Tsukimori နှင့် လူသတ်နည်း စာရွက်နှင့်ပတ်သတ်သော နေ့ရက်များမှာ ဘာမှမဟုတ် သော်လည်း ရင်ထဲတွင် ရင်းနှီးနေမိ။ ယခင်ကဲ့သို့ ပေါ့ပေါ့ပါးပါး ဘဝကို ပြန်သွားရသော်လည်း အထီးကျန်နေသလို။

လူသတ်နည်း စာရွက်နှင့် ပတ်သတ်၍ သံသယများဝင်ခဲ့သော်လည်း နောက်ဆုံး စိတ်ကို ဒုံးဒုံးချလိုက်သည်။ Tsukimori Youko မည်သူကိုမှ မသတ်ခဲ့။ သူမလို ဉာဏ်များပြီးခေါင်းမာသည့် သူတစ်ယောက်သည် သာမန်မျှပင် ဦးနှောက်မရှိသည့်သူများသာလုပ်မည့် မှားယွင်းသည့် လုပ်ရပ်ကို လုပ်မည် မဟုတ်။ မျက်လုံးထဲတွင် ဖခင်ဖြစ်သူအသုဘ တွင်ပင် အစ်မကြီးတစ်ယောက်ကဲ့သို့ ရင့်ကျက်နေသော အမူအရာဖြင့် ဂရုတစိုက် နေထိုင်သော သာမန်မိန်းကလေး တစ်ယောက်သာ။

သူမ အမေ နောက်ဆုံးစကားများလား သို့မဟုတ် ကျွန်တော် စိတ်ထင် သက်သက်ပေလော။ လူသတ်မှု ဆိုသည်မှာ ရူးသွပ်ပြီး ကသောင်းကနင်း နိုင်သော လုပ်ရပ်ဟု သူမ မပြောခဲ့ပါသလော? သူမလို ညဏ်များသူတစ်ယောက်- ကျွန်တော် သိသောသူတွေထက် ပါးနပ်သူတစ်ယောက် – အနေဖြင့် သူမ မည်သည့် – အခြေအနေမျိုးတွင် မဆို – လူသတ်မှုကို ကျူးလွန်မည် မဟုတ်။

အနည်းဆုံး သူမလုပ်ခဲ့သည်ဟု စဉ်းစား၍မရ။ အဆုံးသတ်တွင် သူမကို လူသတ်သမားဟု မမြင်တော့။ Tsukimori Youko ကျောင်းပျက်သည့် ပထမနေ့သည် အေးချမ်းစွာဖြင့် ပြီးဆုံး၏။ သို့သော် ဒုတိယနေ့ အတန်းထဲတွင် သူမကို စိတ်ပူသူများဖြင့် ဆူညံပွက်လောရိုက်နေသည်။ ထင်သည့်အတိုင် အားလုံး ဦးတည်ချက်များက ကျွန်တော်ဆီသို့ ၊ ကြိုတွေးထားသည့်အတိုင်း ရူးချင်ယောင်သာ ဆောင်နေလိုက်သည်။

ထိုနောက် ဘာဆက်ဖြစ်သနည်း? ထင်မြင်ယူဆချက်များ ထွက်ပေါ်လာကာ ကောလဟာလများ ဖြစ်ကြကုန်၏။ ထိုကြောင့် Tsukimori Youko အမည်မှာ တတိယနေ့တွင် တကျောင်းလုံး ပျံနံ့သွားလျှက်။ သူမ ဖျားသဖြင့် ဆေးရုံတက်ရသည် ၊ ပြန်ပေးဆွဲ ခံထားရသည် ၊ ဟောလီဝုဒ်တွင် ရုပ်ရှင်ရိုက်နေသည် ၊ မင်းသားလေးတစ်ပါးနှင့်တွေ့ကာ သဘောကျသွားသဖြင့် လက်ထပ်လိုက်သည် ၊ စသဖြင့် အူကြောင်ကြောင် ကောလဟာလများမှာ နေရာအနှံ့ ပျံနှံ့နေသည်။ ကျွန်တော်မှာမူ ကြိတ်၍သာ ရယ်မိသည်။

သူမ ရှိသည် မရှိသည် ဖြစ်စေ ၊ လူအများ၏ စိတ်ဝင်စားခြင်းခံရသည်။ ထိုကြောင့်ပင် မိန်းကလေးများ၏ ကျော်ကြားမှုကို သတိထားမိသည်။ စတုတ္ထနေ့ တွင်မူ ကောလဟာလမှာ နားထောင်၍ မကောင်းတော့။ Tsukimori တစ်ယောက်၊ သူမအမေ သူငယ်ချင်းများ၊ ရဲများနှင့်ပူးပေါင်းကာ သူမအမေ ကိုရှာနေသည်၊ မအိပ်မနေ အသည်းအသန် ရှာနေသည့် ကောလဟာလ မှာ ပျံနှံသွားသည်။

ကောလဟာလ၏ အစမှာ ကျောင်းသားတစ်ယောက်မှ ၊ ၎င်း၏ အမျိုးဖြစ်သူမှာ ရဲစခန်းတစ်ခုနှင့် ပတ်သတ်ပုံရ၏။ ထိုကောလဟလမှာ အလျင်အမြန်ပင်ပျံနှံသွားသည်။ သူမအမေ ပျောက်သွားသည်ကို အတည်ပြုနိုင်ပြီး နောက်ပိုင်း ကောလဟာလသည် သတင်းအဖြစ်သို့ တနင်္ဂလာနေ့တွင် အသွင်ပြောင်းသွား၏။ တစ်ပတ်ကြာမစဲသည့် မိုးတိတ်၍ တိမ်မဲ့ကောင်းကင်ပြာ ကို လက်ဆောင်ပေးသည်။ ထိုမနက် Tsukimori အမေကို ရှာတွေခဲ့၏။ သို့သော် အလောင်းအနေဖြင့်။ ရပ်ကွက်မှ ကျောက်တုံးများပုံထားသည့် တောင်စောင်းတစ်ခုတွင် တွေရသည်ဟု ဆို၏။ ထိုအပေါ်တွင်တော့ တမြို့လုံးမြင်နိုင်သည့် ပန်းခြံငယ်လေးတစ်ခုရှိသည်။ တောင်စောင်းများ ဝန်းရံထားသည့် ပန်းခြံဖြစ်၍ အမှီအကာများ ပြုလုပ်ထားသော်လည်း လူကြီး တစ်ယောက် ခုန်ချနိုင်သည့် အနေအထားပင်။ အလောင်းကို မတွေ့ရသည့် အကြောင်းမှာ တောင်ခြေတွင် မဟုတ်သည့်အပြင် ထူထပ်စွာပေါက်ရောက် နေသောပန်းခင်းများက တောင်ကုန်းတစ်ခုလုံး ဖုံအုပ်ထားသဖြင့်။

တွေ့ရှိသည့် ရဲတစ်ယောက် အဆိုအရ တစ်သက်တွင် ထိုမျှလှပသည့် အလောင်းကို မတွေ့ ဖူးခဲ့ ဟုပြောသည်။ အလောင်းမှာ ခရမ်းရောင်ပန်းပွင့်များဖြင့် အနောက်တိုင်း ပန်းချီကားများလို ချယ်သထားသည့်နှယ် ဟုလည်းပြောသည်။ ၎င်းခမျာ အလောင်းကိုတွေ့နေသည် ကိုမေ့လျော့ကာ ပန်းခင်းများကြောင့် စိတ်ထဲ ကြည်နူးနေမိသည် ဟု ပြောကြားချက်က ကျောပင်ချမ်းမိ။ ကျွန်တော်လည်း ထိုနေရာတွင် ရှိချင်ပါဘိ။ သူမ အမေသေဆုံးသည့် သတင်းသည် တကျောင်းလုံးပျံ့သွားပြီး အားလုံး အံလည်းဩ ဝိုင်းလည်း သနားကြသည်။

ကျွန်တော်ကတော့ ပုံမှန်မျှသာ။ သူမ အမေကို သေဆုံးမှုကို ဝမ်းနည်းပါသည်။ သို့သော် ကျန်သူများနှင့် မတူသည်က ကျွန်တော်မှာ သေဆုံးမှုကို အစောကပင် ခန့်မှန်းမိသည်။ အကြောင်းမှာ ကျွန်တော်အထင် သူမအမေသည် လူသတ်နည်း စာရွက်ကို အသုံးပြု၍ သူမအဖေကို သတ်လိုက်လိမ့်မည်။ အကြောင်းရင်းက နှစ်ခု ၊ ပထမတစ်ခုက သူမမိသားစု အခြေအနေ ။ အသုဘတွင် ကြားမိသည်က သူမ မိသားစု အားလုံးမှာ ပတ်ဝန်းကျင်နှင့် အဆင်ပြေသည်ကို သိရသည်။ ထို့အပြင် သူမအမေ ၎င်းယောကျာ်းပုံ ကိုကိုင်ပြီး ငိုကြွေးသဖြင့် အလွန်ပင် စိတ်ဆင်းရဲနေပုံ။ ထိုကြောင့် စိတ်ထဲတွေးမိသည်က Tsukimori မိသားစုမှာ အဆင်ပြေပြေ အေးအေးချမ်ချမ်း ၎င်းတို့ လင်မယားမှာလည်း ထိုနည်းတူပင် ဖြစ်ရမည်။ သို့သော် သူမအမေ အခန်းထဲသို့ရောက်ခဲ့သော် အခါ ထိုအချက်ကို သံသယဝင်မိသည်။

Tsukimori အနေနဲ့ သူမမိဘနှစ်ပါး ခွဲအိပ်သည်ကို ဂရုမပြုသော်လည်း ထိုအချက်ကြောင့် ထင်ထားသလို အိမ်ထောင်ရေးအဆင်ပြေကြသည် ဟုယူဆ၍ မရနိုင်။ အဓိက အချက်မှာ လင်မယားနှစ်ယောက်ခွဲအိပ်ခြင်းကိုက သာယာပျော်ရွင်သည့် အိမ်ထောင်ဟု ခေါ်၍ ရနိုင်မည်လော။ ထိုအချက်ကို ထောက်ရူ၍ တကယ်တမ်း ပြောင်းပြန် အနေဖြင့် အိမ်ထောင်ရေးအဆင်မပြေ ဟုယူဆနိုင်သည်။ ထိုအပြင် သူမအမေ အခန်းထဲရှိ ဓာတ်ပုံများတွင် သူမအဖေ့ကို တစ်ပုံမျှမတွေ့ရခြင်း ကလည်း သံသယဝင်ဖွယ် အချက်တစ်ခု။ ထိုကြောင့် ထိုယူဆချက်မှာ ပို၍ ခိုင်မာ လာသည်။

ဒုတိယအချက်မှာ လူသတ်နည်းစာရွက် ကိုရေးသူ။ အစောကတည်း အံဩမိသည်က အဘယ်ကြောင့် “နည်း” ဟုပေးသနည်း။ လူသတ်ရန်အကြံ စသဖြင့် သင့်တော်ရာ အမည် တစ်ခုခု မပေးနိုင်သည်လော ? တကယ်ဆိုလျင် လူသတ်ရန်အကြံ ဆိုသည့် စာရွက်မှာ ပို၍ အခြေအနေဖြင့် ကိုက်ညီဦးမည်။ “နည်း” ဟု စကားကို အသုံးပြုထားသဖြင့် ဟင်းချက်နည်းများကို သင်ကြားနေသော ဆရာမအနေဖြင့် ပုံမှန်သုံးစွဲနေကြ ဖြစ်မိဟု ယူဆမိသည်။ ထိုကြောင့် Tsukimori အိမ်သွားသော အခါ ထိုယူဆချက်အတွက် သက်သေကိုရှာမိသည်။

ရေးထားသောဟင်းချက်နည်းစာအုပ်များမှ လိုက်မှတ်ထားသော မှတ်စုများကိုတွေ့ရသည်။ မည်သည်ကို ရေးထားသည်ကို သေချာမသိသော်လည်း အရေးကြီးသည်က လက်ရေး။ လူသတ်နည်းစာရွက် နှင့် တိုက်စစ်ကြည့်သော် လုံးဝကွက်တိ တိုက်ဆိုင်နေသည်ကို တွေ့ရသည်။ လက်ရေးတူသော် ရေးသူအတူတူပင် ဖြစ်ရမည်။ တနည်းအားဖြင့် လူသတ်နည်း စာရွက်နောက်ကွယ်မှ လျှိုဝှက်ချက်သည် သူမ အမေ ၊ သူမ အဖေဖြင့် အဆင်မပြေသဖြင့် ရေးပြီး သတ်ရန်ကြံစည်ခဲ့ကာ နောက်ပိုင်းတွင် နောင်တရပြီး ကိုယ်ကိုယ်ကို သတ်သေသည်ဟု ယူဆမိသည်။

ထိုကြောင့် သနားရန်မရှိ။ သွေးအေးစွာပြောရလျှင် “ကိုယ့်ပြုသောကံ ကိုယ်သာခံရသည်” ဟုပြောနိုင်သည်။ ကြောင်နှင့်ကြွက် ကစားသည်ကာလမှာ ပြီးဆုံးသွားပြီ ဖြစ်၍ ဘာမှ တွယ်တာ စွဲလမ်းမှု မှ မရှိ။ လူသတ်နည်း စာရွက်သည် စိတ်ဝင်စားစရာ မကောင်းတော့ချေ။ ကျွန်တော် စိတ်ကူးယဉ်မှုသည် သူမအမေ သေဆုံးခြင်းနှင့် အပြီးသတ်လေ၏။ ယခုစဉ်းစားချက်များသည် ယူဆချက်သက်သက်သာဖြစ်သည်။ ထိုကြောင့် အမှန်တရား ဟုတ်ချင်မှဟုတ်မည် ၊ လိုအပ်ချက်များလည်းရှိနိုင်ပေသည်။ သို့သော် သာမန်အထက်တန်းကျောင်းသားတစ်ယောက် အနေဖြင့် အမှန်တရားကို မချဉ်းကပ်နိုင်ဟု ယူဆမိသည်။ ထိုကြောင့် စိတ်ကူးယဉ်အဖြေဖြင့် ကျေနပ်နေမိသည်။ ထိုကြောင့် Tsukimori Youko ၏ အတည်ပြုချက်မလိုတော့ချေ။ တနေ့ ထိုကိစ္စကို မေးကြည့်မည်။ သို့သော် ယခုမဟုတ်။

ကံကောင်းသည် ဆိုးသည် မသိသော်လည်း ထိုငြိမ်းချမ်းသည့် ကာလများမှ ကြာရှည်ပင် မခံချေ။ ယခင်ကိစ္စများတွင် အသိဖြစ်သွားသော စုံထောက်တစ်ယောက်၏ စကားကြောင့်။ ပထမဆုံး သူနှင့်တွေ့ချိန်က Tsukimori အမေပျောက်ဆုံးချိန် ၊ ကျွန်တော် မှာတမ်းကိုတွေ့သဖြင့် ချက်ချင်းပင် ရဲစခန်းကို ဖုန်းဆက်ချိန်မှာ Tsukimori မှာတော့ အံဩထိတ်လန့်နေဆဲ။ နာရီသံ တစ်ချက်ချက်သာ ကြားရဲပြီး တိတ်ဆိတ်၊ နာရီဝက်ခန့် ကြာသော် ရဲကားတစ်စီး ရောက်လာ၏။ ယူနီဖောင်းဝတ် တစ်ယောက်နှင့် ၊ အရပ်ရှည်ရှည် နှင့် အနောက်တိုင်းဝတ်စုံ ဝတ်ထားသူ တစ်ယောက် ရောက်လာပြီး “အား ဟုတ်ပြီ ဟုတ်ပြီ သိပြီ သိပြီ သေတမ်းစာဖြစ်မယ်!” ဟု အရပ်ရှည်ရှည်ဖြင့် တစ်ယောက်မှာ ပြောဆိုနေသည့်။ သူ့ အမည်မှာ Konan ဖြစ်ကြောင်း မိတ်ဆက်ပေးသည်။

ယခင်ကပင် ရဲများ မေးမြန်းခြင်းကို ခံရဖူးသည်။ ထိုအကြိမ်မှာ လွန်ခဲ့သော နှစ်အနည်းငယ်ခန့်မှ ဖြစ်၍ အိမ်နားမှ ဆိုင်တစ်ဆိုင် အဖောက်ခံရသဖြင့် စုံထောက်နှစ်ကောင် အိမ်သို့ ရောက်လာသည်။ သိသာသည့် မေးခွန်းများ ထက်စာလျှင် အဓိကအားဖြင့် အလစ်သုတ်သမားမှာ လွတ်နေသေးကြောင်း သတိပေးလိုဟန်။ ထိုသူများ၏ ပုံစံသည် သာမန်သူများနှင့် လွန်စွာကွာခြားသည်။ ၎င်းတို့အကြည့်တစ်ချက်ပင်လင် အတော်ပင် ထိတ်လန့်စရာ။ ထိုကြောင့် ရဲတစ်ယောက်၏ အခွင်အာဏာမှာ အလွန် အန္တာရယ်များသည့် အဖြစ်သို့ရောက်နိုင်သည်။

ထိုနောက် မေးနေစဉ်အချိန်အတွင်းမှာပင် အလစ်သုတ်သမားဖမ်းမိကြောင်း သတင်းကြားလိုက်ရသည်။ ထိုအချိန်မှနှင့် နှိုင်းစာလျှင် Konan ဆိုသည့် ပုဂ္ဂိုလ်သည် စုံထောက်တစ်ယောက် ဖြင့်ပင် မတူချေ။ အသက်ကိုခန့်မှန်းရသည့်မှာတော့ နှစ်ဆယ်ကျော်ပင်။ ရာထူးအနေနဲ့ ကြည့်ရသော် သူမှာ ယူနီဖောင်းဝတ်ထားသောသူ ထက် ပို၍မြင့်ပုံ။ အပြာရင့်နှင့်အဖြူကွက် အနောက်တိုင်းဝတ်စုံ ကိုဝတ်ထားပြီး Konana ကိုကြည့်ရသည်မှာ ခွင်ကောင်းကောင်းမိထားသော ယောကျာ်းပိုင်းလုံးတစ်ကောင်နှင့် ပို၍တူလှသည်။ ကပျက်ကချော် ဝတ်ထားသော သူ့ပုံစံနှင့် စကားကို တတွတ်တွတ် ပြောနေခြင်းကြောင့် သူလို ပုဂ္ဂိုလ်မျိုးကို အမုန်းဆုံးဟု သတ်မှတ်မိသည်။


“အား ချစ်စရာလေးပဲ တီဗွီထဲ ပါဖူးလား ? မပါဖူးလား? ပါရမှာနော်! ညီမသာပါရင် ဆုရမှာ! ဟင့်အင်း တကယ်! စကားမစပ် အသက် ဘယ်လောက်လဲ ? Youko-chan? ၁၇ ဟုတ်လား? အမ်း မောင်နှမကရော ? အကြီးဆုံးလား? အော် မရှိဘူးလား တစ်ယောက်တောင် မရှိဘူးပေါ့နော် တကယ်လား ဒီတော့ တဦးတည်းသော သမီးပေါ့နော် သနားစရာကွယ် သနားစရာ ဒါပေမယ့် ညီမ အမေလည်း တော်တော်ချောမှာပဲ ငယ်သေးတယ် မဟုတ်လား? အင်းဟုတ်ပြီ ဟေ့ကြားလား အန်တီကို မြန်မြန်ရှာရအောင် ”

Konan တစ်ယောက် ၊ ဘေးနားမှ ရဲအရာရှိမှ ဘုကြည့်ကြည့်နေသည်ကိုပင် ဂရုမစိုက် ပြောချင်ရာပြောနေလေသည်။ အစောကတည်းက Konan ဆိုသည့် လူကြီးကို သိပ်သဘောမတွေ့ မိနစ်အနည်းငယ်မျှကြာသောအခါ သောက်မြင်ပင်ကတ်မိသည်။ သူက Tsukimori ကို ဂရုမစိုက်။ ဒီလူက ရဲရော ဟုတ်သေး ရဲ့လား။ အမေ ပျောက်သွားတဲ့ သမီးကို ဆက်ဆံသည်က ဟုတ်ကိုမဟုတ်ပေ။ Konan သည် နားမလည်နိုင်စရာ လူတစ်ယောက်။

ထိုနောက်ရဲအရာရိမှ ဆက်၍

“ခင်ဗျားအမေ ကြည့်ရတာ စိတ်ထဲတခုခု ဖြစ်နေပုံလား? ” ၊ “သူသွားတက်နေရာတွေ သိလား”

စသဖြင့်မေးခွန်းနှစ်ခုသုံးခုခန့် မေးလေသည်။ Tsukimori ခေါင်းကိုအသာယမ်း၍ သက်ပြင်းနှင့်အတူ ရှည်လျားသောမျက်တောင်များကို ချ၍ ဖြေလိုက်သည်က

“ကျွန်မလည်း သေချာမသိဘူး။

သေချာ တွေးကြည့်ပြီးနောက် ရဲအရာရှိမှ သူမကို

“အားနာပေမယ့် ဒါက သေကြောင်းကြံစည်မှုလည်း ဖြစ်နိုင်တယ် ကျွန်တော်တို့ တက်နိုင်သလောက် ရှာဖို့ ကတိပေးပါတယ် ဒါပေမယ့် အဆိုးဆုံးကို ကြိုပြီးတွေးထားပါ”

Tsukimori ဘာမှ ပြန်မပြောနိုင် ခေါင်းကိုသာ ဖြည့်ညင်းစွာ ညိတ်လိုက်၏။ သူမ၏ တိတ်ဆိတ် ငြိမ်သက်သော အသွင်အပြင်မှာ အေးတိအေးစက် နိုင်သော်လည်း ကော်ပတ်ရုပ် တစ်ရုပ်လို လှပပေသည်။ အလိုက်မသိစွာ စိတ်ထဲမှ သူမ၏ အရုပ်လို သွယ်လျသည့် လည်တိုင်နှ​င့် သူမအသားအရည်နှင့် လိုက်ဖက်​သည့် ရဲရဲစွေး နှုတ်ခမ်းများကို ဆော့ကစားလိုစိတ် ပေါက်လေသည်။ သူမအဖေ အသုဘတွင်လည်း ယခုကဲ့သို့ပင် ဝမ်းနည်းနေသော လနတ်သမီးလို အေးစက်တည်ငြိမ်သော ပုံစံ ဖြင့် မြင်ရ​လေသည်။

သူမ တစ်ယောက် မေးခွန်းများ မဖြေနိုင်အောင် စကားအရှည်ကြီးပြော အချိန်ဖြုန်းနေသည်ကို ကြည့်၍ စိတ်ပင်ညစ်လာ၏။ သို့သော် ကော်ဖီတစ်ခွက်ကြောင့် လမင်းကို အေးအေးဆေးဆေး ကြည့်ခွင့်ရလေသည်။ ဒါတော့ တန်သားဟု စိတ်ထဲမှ ထင်မိ။ ခဏကြာသော် Konana ကျွန်တော်ကို ရုတ်တရက် “စကားမစပ် ညီလေးက…” ဟုမေးလိုက်သဖြင့် စိတ်ထဲလန့်သွားသော်လည်း ထိန်း၍ဖြေလိုက်သည်။

“Nonomiya-kun တဲ့လား ? ငါ မင်းကို အိမ်လိုက်ပို့ပေးပါမယ် ညတစ်ချက်တောင်ထိုးနေပြီလေ ဘာရထားမှမလာတော့ဘူး ဟုတ်တယ်ဟုတ်?” ဟုပြောသည်။

ဘေးမှာထိုင်နေသော Tsukimori မှ တောင်းပန်ကိုးစား ကြည့်နေ၍ စိတ်ထဲတွေဝေသွားသည်။ သို့သော် နောက်ဆုံး ဆုံးဖြတ်ချက်ချလိုက်ပြီး Konan ကိုဦးညွတ်၍

“ကျေးဇူးပါပဲ”

ပြန်သောအခါ အနားကပ်၍ တိုးတိုးဖြင့် “ဒီည တစ်ယောက်တည်း မနေချင်ဘူး” ဟုပြောကာ ယူနီဖောင်းကို အားနည်းစွာ လှမ်းဆွဲလိုက်သည်။ ဥပေက္ခာပြုလိုက်ပြီး သူမ လက်ချောင်းများကို ဖြုတ်ချလိုက်သည်။ သူမကို တစ်ယောက်တည်း မထားခဲ့ချင်။ သို့သော် ကျွန်တော်ရှိနေ၍လည်း အကြောင်းထူးမည် မဟုတ် ၊ သို့သော် အနည်းဆုံး သူမဘေးမှာ စကားပြောပေးသူ တစ်ယောက်ရှိမည်။ သူမ ကျွန်တော်နှင့် စကားပြောရင်း စိတ်ပူပန်မှုပြေ သွားလျှင်ပင် မဆိုးလှပေ။ သို့သော် ကျွန်တော်တို့ကို ပြုးဖြဲဖြဲ ကြည့်နေသော Konan ကို စိတ်မဝင်စား၍ မနေနိုင်။ ကားနောက်ခန်းတွင်ထိုင်သောအခါ Konan ပါ လိုက်ထိုင်သဖြင့် အံဩမိသည်။ ကျွန်တော်အံဩနေသည်ကို ကြည့်၍ သူရယ်ကာ

“အား ငါမင်းနဲ့ စကားလေးဘာလေး ပြောမလို့ပါ”

သို့သော် စိတ်ထဲတွင်တော့ သူရယ်သံတွင် စုံထောက်အငွေ့အသက်ပါသည် ဟု ယူဆမိသည်။ Tsukmori အိမ်မှ အပြန် Konan နှင့် စကား တောက်လျောက်ပြောလာရာ ၈၀ ရာခိုင်နှုန်းက သူပြောသည်က များသည်။

“မင်းက Youko-chan ကောင်လေးလား မဟုတ်ဘူးလား အာ မဟုတ်ဘူးပေါ ဒါဆို ဘာလို့သွားလည်တာလဲ ဒီမှာ ယောကျာ်လေးတစ်ယောက် က ရည်းစားလည်းမဟုတ် ဒီအချိန်ကြီး သွားမလည်ရဘူးလေ အား လုပ်ဖော်ကိုင်ဖက်လား ပြီးတော့ အတန်းဖော်ကိုး အင်း အင်း အင်း ဒါဆို မင်းတို့နှစ်ယောက်က ဘာမှမဟုတ်ဘူးပေါ့ အင်း မင်းသူငယ်ချင်းတွေကတော့ မင်းနဲ့ အဲဒီကောင်မလေးကို မနာလိုဖြစ်မှာပဲ မဟုတ်ဘူးလား ဟုတ်တယ်မဟုတ်လား? ဟေ့ ကားမောင်းနေရင်ရှေ့ကိုကြည့်လေ အား မင်းကိုပြောတာ ဟားဟား”

ကားမောင်းနေသည့် ရဲအရာရှိကိုပါ လှမ်းစလိုက်သေးသည်။

“စကားမစပ် ဒါငါ့ဖုန်း ဘော်ဒါရေ ဘာမှကြောက်နဲ့ ခေါ်လို့ရတယ် ငါ့အလုပ်ဖုန်း ၊ ဘာလို့ပြောရတာလဲ သိလား? အိုး ငါက ယောကျာ်းဆိုတာ ပြောချင်လို့ပါ ဟဲဟဲ ငါက ဒီလိုပုံတော့ မပေါက်ပေမယ့် ဆော်ကြည်ဘဲကွ အမ် ငါက ဆော်ကြည်ဘဲ နဲ့တူတယ် ဟုတ်လား ? အေးကွ လူတွေကတော့ ပြောကြတာပဲ ဒါပေမယ့် ဘာမှအားမနာနဲ့နော် ကိစ္စနဲ့ပတ်သတ်ပြီးရင် သတင်း ရနိုင်သမျှ လိုချင်တယ်ကွာ ။ သဲလွန်စက ဘာမှန်းကို မသိသေးဘူး မင်းကတော့ Youko-chan နဲ့သာ မကြိုက်ဘူးပြောပေမယ့် ငါသတိထားမိတာက မင်းတို့က အနေနီးတယ်ကွ ဒီတော့ သူ့အမေနဲ့ပတ်သတ်ပြီး တခုခုတွေ့ရင် ငါ့ကိုပြောသိလား”

ထိုနေ့မှစ၍ Konan တစ်ယောက် ကျွန်တော်ကို နေ့တိုင်းဖုန်းဆက်လေသည်။ မပြောသော်လည်း သိကြမည်မှာ ဖုန်းတစ်ခါဆက်လျှင် အတော်ပင်ကြာသည် ဆိုသည်ကို။ ဖုန်းအကြာကြီး ခေါ်သေးဖြင့် စိတ်အနှောက်အယှက်ဖြစ်ရပြီး အမြင်ကတ်ပင်မိသည်။ သူ၏ လုပ်ဖော်ကိုင်ဖက်လိုလို ထား၍ သတင်းနှိုက်ရန် ကြံစည်နေသလို။ ကိစ္စတော့မရှိ။ ကျွန်တော်လည်း သူ့လိုပင်။ သူမှ ကျွန်တော်သိသမျှ အကုန်ပြောရန် တောင်းဆိုသလို ကျွန်တော်မှာလည်း စုံစမ်းစစ်ဆေးရေးနှင့် ပတ်သတ်သည့် သတင်းများရလိုကြောင်း တောင်းဆိုထားသည်။ သို့သော် Konan ကြောင့် ထိုအလဲလှယ်မှာ မျှတဟု ဆိုနိုင်သည်။ ကျွန်တော် ပေးသည့်အချက်အလက်များမှာ အားလုံးသိပြီးသား အချက်များပင်။ သို့သော် ယခုအခြေအနေကို ပွားနေခြင်းမှာ သူ၏ နဂိုကတည်းက ပါးစပ်ဖွာတက်သည့်အကြောင့်ပေလော သို့တည်းမဟုတ် အရေးမကြီးသည့်အချက်များကိုသာ ထုတ်၍ပြောသည်လော ဟု တွေးမိသည်။

သို့သော် ကျွန်တော် သူဖုန်းများကို ဘာပဲဖြစ်ဖြစ် စိတ်ပါလက်ပါ နားထောင်ခဲ့သည်။ ကျွန်တော်သည်လည်း စုံထောက်အလုပ်ကို ရူးသွပ်သူဖြစ်၍ ပြောသည့် အ​ကြောင်းအရာများမှ စိတ်ကူးယဉ် ထားသည့်အချက်များနှင့်သွားတူနေသည်။ နောက်ဆုံးတော့ ကိစ္စက အေးဆေးသွားပြီး Tsukimori Youko လည်း အလုပ်နှင့်ကျောင်းသို့ ပုံမှန်လာလေသည်။ ထိုနေ့မတိုင်မှီ Victoria သို့ ဆိုင်ပိတ်ခါနီးတွင် ယောကျာ်းတစ်ယောက် ​ရောက်လာသည်။

“အား ဒါကြောင့်နင်မိန်းကလေးတွေ စိတ်မဝင်စားတာကိုး Nonomiya” ဟု Mirai-san မေးကိုသူမလက်ဖျားဖြင့်ထောက်၍။

ထိုင်ခုံပေါ်တွင် ထိုင်နေသော ပိန်ပိန်သွယ်သွယ် ပုဂ္ဂိုလ်ကို ကြည့်လိုက်သည်။ ထို ပိုင်းလုံးလိုလို ပုဂ္ဂိုလ်မှာလည်း ကျွန်တော်ရှိရာ မီးဖိုချောင်ကို အားပါးတရ လက်လှမ်းပြနေသည်။

“အစ်မဘာတွေ တွေးနေလဲ မသိပေမယ့် အစ်မထင်သလို မဟုတ်ဘူးနော်”

“ဒါဆို သူက ဘာတုံး? သူငယ်ချင်းလား? နင်ထက်အသက်ကြီးတယ်နော်”

“ဟင့်အင်း စုံထောက်”

“ဒီလူလား? ဘယ်လိုကြည့်ကြည့် ပိုင်းလုံးနဲ့ပဲ တူနေတာ” ဟုပြောကာ ပို၍ပင် သံသယဝင်သွားဟန်ဖြင့်

“ဒိတော့ နင်က ဘာအမှုဖြစ်နေလို့တုံး သေချာတယ် ဟိုတနေ့ကတည်းကထင်နေတာ ဒါပေမယ့်__”

“Mirai-san.”

“ဘာတုံး ရာဇဝတ်ကောင်?”

“ကျွန်တော် အစ်မကို သေချာရှင်းပြမှရမယ်ထင်တယ်”

“မဟုတ်လို့လား”

“ဘယ်ကလာ သူနဲ့ကိစ္စရှိလို့ သူနာမည်က Konan တဲ့ အခု Tsukimori အမေ ကိစ္စ စုံစမ်းနေတာ”

“အော်….” ဟု မျက်မှောင်ကြုတ်ပြီး

ချောကလက်တစ်တုံးကို ပါးစပ်ထဲထည့်လိုက်သည်။ ကြည့်ရတာ အခုမှ Tsukimori ကိုသနားနေဟန်။ အခုမှ သတိထားမိတော့ သူမ Tsukimori မရှိတုံး အတော်လေး ငြိမ်နေသည်ဟု ဆိုရမည်။ Saruwatari-san ရော မန်နေဂျာလည်း ထိုနည်းတူ။ ကြည့်ရသည်မှာ Tsukimori Youko က ယခု Vactoria တွင် အတော်လေး အရာရောက် ဟန်။

“ဒါဆို အဲ Konan ဆိုတဲ့ စုံထောက်က ဘာလို့လာတွေတာလဲ?

“မသိဘူးလေ ကျွန်တော်လည်း သိချင်တာပေါ့”

ရုတ်တရက် Mirai-san မျက်လုံးအဝိုင်းသားဖြင့်

“အူဝါး! ဟေ့ Nonomiya! အဲဒီရဲက ငါ့ကို မျက်လုံးမှိတ်ပြတယ်!”

“တွေ့တဲ့အတိုင်းပဲ သူက နှာဘူး အစ်မရေ”

“အား လက်သီးနဲ့ ပိတ်ထိုးချင်လိုက်တာ”

“မလုပ်ပါနဲ့အစ်မရေ သူက ရဲနော် ရဲ”

“နောက်ဆိုရင် လူတွေကို သတိထားပေါင်း”

“ဟုတ်ကဲ့”

သူမတရားဟောသည်ကို မနာခံလိုသော်လည်း စိတ်ထဲတွင် သူမပြောသည်မှာ မှန်သည်ဟုတွေးမိသည်။ ကျွန်တော်တိုင်ပတ်နေသည်ကို အလိုက်မသိလှသည့် Konan ဆီသို့ ကော်ဖီ သွားပို့သော် စကားလုံးများစွာဖြင့် ပစ်သွင်းလိုက်သည်။

“ငါတစ်ချက်ကြည့်လိုက်တော့ တခြားဂြိုလ်ကလားတောင် အောက်မေ့ရတယ်။ စိတ်လှုပ်ရှားစရာ! မင်းကတော့ ထင်ချင်မှထင်မယ် ငါက M နဲ့ပတ်သတ်တာဆိုရင်လည်း ရတယ်ကွ ငါ့အပေါ်စိုးမိုးတဲ့ မိန်းမဆို သဘောကျတယ်ကွ သိလား? နာမည်ကဘာတဲ့လဲ? အသက်ကရော? ဘဲရှိလား? ကျေးဇူးပြုပြီး Nonomiya-kun ငါ့ကိုမိတ်ဆက် ပေးပါကွာ!

စကားတောင် မပီသလိုဖြင့်။ တချိန်လုံး Mirai-san ကိုကြည့်နေပြီး အော်ဒါမှာလျှင် စောင့်ရသည်ကိုပင် သဘောမပေါက်တော့သည့် ပုံဖြင့်။

“အားနေလို့လား”

“ဘယ်ကလာ ငါ့ဆော်တွေတောင် မချိန်းနိုင်ဘူး အား ငါဆော်မရှိဘူးနော် မောင်ရင်”

“ဂရုကိုမစိုက်တာဗျာ”

“မင်းက ဒီပုံစံပဲနော် ဟမ်” ဟု နှာခေါင်းရှုံ့လိုက်ကာ ကော်ဖီတစ်ကျိုက်သောက်လိုက်ပြီး “ဝိုး!” ဟု သူပြုံးလိုက်ပြီး အော်လိုက်သည်။

“အရင်လို သာသာယာယာနေချင်လိုက်တာကွာ ဒီမြို့လေးကျဉ်းကျဉ်းလေးတောင် အမှုတွေက ခဏခဏ ၊ အလုပ်ကလည်း ၂၄ နာရီပဲ”

Konan မျက်နာမချိုမချဉ်ဖြင့် လက်နှစ်ဖက်ကို ယှက်ထားသည်။

“ဒါဆိုလည်း ဒီကို ဘာလာလုပ်တာလဲဗျာ”

ဟု မေးလိုက်သော အခါ သူက စိတ်ထိခိုက်သလိုနှင့်

“မင်း အသည်နှလုံးရော ရှိသေးရဲ့လားကွ? ငါတို့ရဲတွေလည်း လူတွေပဲ မင်းသိလား? ဒီလိုမပြောပါနဲ့!”

သူ ကျွန်တော်ကို အပြစ်တင်သလို ကြည့်လိုက်သည်။

“တစ်ခွက် နှစ်ခွက်ကတော့ သောက်လို့ရပါတယ်”

သူခွက်ကိုသောက်လိုက်သည်။ ကျွန်တော်က လှောင်ဖို့တော့ မရည်ရွယ် ၊ ဘာကြောင့်ဆိုသည်ကိုသာ အံဩ၍သာ ဖြစ်သည်။ ယခုတော့ Tsukimori အမေကိစ္စမှာလည်း ပြီးပြီ ဖြစ်၍ သူအနေဖြင့် လာတွေ့စရာပင် မလိုတော့။ ထိုအပြင် သူမ အမေကို ရှာတွေ့ကတည်းက Konan နှင့် ကျွန်တော် စကားပင် မပြောဖြစ်။ သူ့ကို ကျွန်တော်တို့ဆိုင်မှ ကော်ဖီက ကောင်းသည် ဟုပြောခဲ့မိသော်လည်း ထို့စကားကြောင့် ယနေ့ရောက်လာသည်က မဖြစ်နိုင်။ ထိုကြောင့် စိတ်ထဲရှင်းသွားအောင် Konana မှ

“မင်း အခုတလော အားတယ်မဟုတ်လား ဒါပြီးရင် အချိန်ရသေးလား? ငါနဲ့စားသောက်ဆိုင်တစ်ဆိုင်မှာ စကားပြောကြမလား? ကြိုက်တာစား ဒါပေမယ့် ချိန်းတွေ့တာ မဟုတ်ဘူးနော် ကြိုပြောထားတာ!”

ယခုမှ သဘောပေါက်သည်။ ထိုကြောင့် ပိတ်ချိန်ကို တမင်တကာလာခဲ့သည်ကို။ ကျွန်တော်ဆီမှ တခုခုလိုချင်သည် ဖြစ်မည်။ ထိုကြောင့် “ဟုတ်ကဲ့” ဟု ခေါင်းညိတ်လိုက်သည်။ ကျွန်တော်ဆီမှ မည်သည်ကို လိုချင်မှန်း မသိသော်လည်း ပုံမှန်မဟုတ်သည့် စုံထောက်တစ်ယောက်နှင့် စကားပြောရမည်ကိုလည်း ထိုမျှ မမုန်းတီး။ ထိုကြောင့် ငြင်းဆန်ရန်အကြောင်းမရှိချေ။

——————————————————————————————————————————————————–

အလုပ်ပြီးသောအခါ ဘူတာအနီး စားသောက်ဆိုင် တစ်ဆိုင်ကို သွားလိုက်သည်။ Konan ကျွန်တော်ကိုတွေ့သွားပြီး လက်လှမ်းပြသည်။ ရုံးပိတ်ရက် ဖြစ်၍ ဆိုင်ထဲတွင် ကြီးကြီးငယ်ငယ် လူအတော်များသည်။ ကျွန်တော် သူနှင့် မျက်နာချင်းဆိုင်ထိုင်လိုက်ပြီး Konan မှ မီနူးလှမ်းပေးလိုက်သည်။

“ကြိုက်တာမှာ”

“ကောင်းပြီ ဈေးအကြီးဆုံး ဘာရှိလဲ”

ကျွန်တော် အဖြေကို နှစ်သက်ဟန်ဖြင့် “မင်းဒီလို အားမနာတက်တာ ကောင်းတယ်”

“စကားမစပ် ဘာလိုချင်လို့လဲဗျ” ဟု ကျွန်တော် မီနူးစာရွက်ကို လှန်လှောရင်း မေးလိုက်သည်။

“ငါသိချင်တာ မင်း Youko-san နဲ့ပတ်သတ်ပြီးဖြေပေးနိုင်မလားလို့ပါ”

သတိမထားမိခင် သူ့ကို စိုက်ကြည့်သလို ဖြစ်သွားသည်။ဒ

“အဲဒိလောက် ပြူးမကြည့်ပါနဲ့ကွာ မင်းဆီက သုတ်သွားမှာ မဟုတ်ပါဘူးဟ”

“ခင်ဗျားပြောတာ ဘာအဓိပ္ပါယ်လဲဗျ”

“ဆေးလိပ်သောက်မယ်နော်” ဟုပြောကာ ဆေးလိပ်တစ်လိပ်ကို ပါးစပ်ပေါ်သို့ ကောက်တင်လိုက်ပြီး မီးခြစ်ဖြင့် အသာအယာ ကောက်ညှိလိုက်သည်။

“… ဘာလို့လဲ” သံသယဝင်သဖြင့် မေးလိုက်သည်။

“အင်း အကြောင်းပြချက် မပေးလို့ရော မရဘူးလား?”

“ပုဂ္ဂိုလ်ရေးကြောင့် ဆိုရင်တော့ မဖြေဘူး”

ဒီထဲမှာ တစ်ယောက်ယောက်ကများ သူ ရဲအရာရှိဆိုသည်ကို သတိထားမိကြပါသလော?

“အင်း Youko-chan က ချစ်စရာလေး ငါစိတ်မဝင်စားဘူးလို့ မပြောပေမယ့် ဒါက အလုပ်နဲ့ဆိုင်လို့ပါ”

“လျှိဝှက်ထားရမယ့် အလုပ်မို့လို့လား”

“အင်း အဲဒီလိုပဲပေါ့ မင်းသိတဲ့အတိုင်း ငါ့ရာထူးကိုလည်း ကြည့်ရသေးတယ်လေး ဒါကြောင့် အပြတ်မပြောနိုင်တာ ဆောရီးပါ”

Konan စပ်ဖြဲဖြဲဖြင့်။ သူထိုကဲ့သိုပြုံးပါက သူမျက်လုံးများမှာ ပို၍ပင်မှေးသွားပြီး အမဲလိုက် ကျားတစ်ကောင်နှင့်ပင် တူသည်။ ထိုသို့ဖြစ်ရသည်ကိုလည်း သူ ကိုယ်တိုင် သိဟန်မပေါ်။ ထိုသို့အပြုံးပြုံးလိုက်တိုင်း ကျွန်တော်မှာ ကျောပင်ချမ်းမိသည်။ လူတစ်ယောက်ယောက်ကို အန္တာရယ်ပေးနိုင်သည့် ပုံစမျိုး။ မည်သည့်ပုံ ပေါက်ပေါက် Konan က ရဲဖြစ်၍ ရဲတစ်ယောက်၏ ဟန်တော့ရှိ၏။

“. . .ခင်ဗျား Tsukimori ကိုသံသယဝင်နေတာလား”

မေးလိုက်သောအခါ ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်သည်။

“. . . မင်းက တည့်ကိုမေးနေတာပါလား? တော်တော်ထက်တဲ့ ချာတိတ်ပဲ ဒါပေမယ့် မင်းမှာ သတ္တိရှိတော့ ပိုပြီးကောင်းတာပေါ့ Nonomiya-kun မင်း တနေ့ရဲလုပ်ဖို့စိတ်ကူး မရှိဘူးလား မင်းအတွက်အလားအလာရှိတယ်”

“ကျွန်တော် လှုပ်လှုပ်ရှားရှား မရဘူးဗျ ကျေးဇူးတင်ပါတယ်”

“အင်း အင်း ရာဇဝတ်ကောင်တော့ မလုပ်နဲ့ကွာ! မင်းလိုလူသာ ဒီကောင်တွေနဲ့ပေါင်းရင် ငါတို့ရဲတွေတော့ ဒုက္ခရောက်ပြီ”

သူ ရယ်စရာပြောလိုက်ကာ စားပွဲထိုးကောင်မလေးကို လက်လှမ်းပြ၍ခေါ်လိုက်သည်။ ထိုနောက် ကျွန်တော် မီနူးမှ ဈေးအကြီးဆုံး ထင်သည့် Chaliapin steak ကိုမှာလိုက်ပြီးနောက် စားပွဲထိုးမလေးမှာလည်း စားဖိုဆောင်သို့ ပျောက်ကွယ်သွားသည်။

“အတိုချုပ်ရရင်တော့ ငါထင်တာ ဒီအမှုက လူသတ်မှုလို့ ယူဆရတဲ့ အလားအလာတွေလေးရှိတယ်”

ရုတ်တရက်ပင် Konan လှမ်းပြောလိုက်သည်။

“. . .ဒါက လျှိုဝှက်ထားရမှာ မဟုတ်ဘူးလား?”

“အပြင်ပန်းအတွက်ကတော့ မင်းသိတဲ့အတိုင်း ငါ ရဲတစ်ယောက်အနေနဲ့ တာဝန်ကျေခဲ့တယ် ဒါပေမယ့် စိတ်ထဲ မတင်မကျမှုလေးတွေရှိတယ်”

ပြာခွက်ထဲသို့ ဆေးလိပ်ကို ဖိညှစ်သတ်လိုက်သည်။

“အစကတည်းက လျှိုဝှက်ထားဖို့ကို မရည်ရွယ်ခဲ့ဘူး မင်းနဲ့ငါနဲ့သိတာ မကြာသေးဘူး ဒါပေမယ့် မင်းကလည်း ပါးနပ်တဲ့လူပဲ ဒါကြောင့် မင်းတခုခု ရှာတွေ့မယ် လို့ထင်တယ်”

“ကျွန်တော်ကို အတော်လေး အထင်ကြီးနေပုံပဲ ဟုတ်လား”

Konan ခပ်ထေ့ထေ့ပြုးလိုက်သည်။ ကြည့်ရတာ ကျွန်တော် မသင်္ကာသည်ကို သဘောကျနေပုံ။

“ဒါပေမယ့် အပိုတွေပြောမနေတော့ပါဘူးကွာ ငါအမှန်အတိုင်းပြောပါ့မယ်။ ငါမှာ မင်းကို ငါနဲ့ပူးပေါင်းခိုင်းတာ ရည်ရွယ်ချက်တော့ ရှိပါတယ်”

ရည်ရွယ်ချက်ဆိုသည့် စကားကြားမိမှ ပထမဆုံးတွေ့သောနေ့ စကားပြောဖြစ်ကြသည်ကို မှတ်မိသွားသည်။ ထိုအချိန်တုံးက

“အား ငါ့တို့ စကားလေးဘာလေး ပြောကြတာပေါ့” ဟုသာ သူပြောခဲ့သည်။

“ရှာနေကတည်းက သတိထားမိတာကတော့ မင်းလောက် Youko-chan နဲ့ နီးစပ်တဲ့လူ မရှိဘူး ဒါကြောင့် မင်းသာလျင် သူအကြောင်း အသိနိုင်ဆုံး”

ကျွန်တော်စိတ်ထဲတွင် မတင်မကျဖြစ်နေသည်။ ဘာကြောင့် Konan ကျွန်တော်နှင့် စကားပြောခဲ့သည်နည်း? ဘာကြောင့် အရေးကြီးတဲ့အချက်တွေကို ကျွန်တော်ကို ပြောပြခဲ့သနည်း? အခုပြန်တွေးကြည့်မှ Konan သည် Tsukimori အမေ တစ်ယောက်ကိုသာ စိတ်ဝင်စားသည် မဟုတ်ပေ။ ထိုကြောင့် ကျွန်တော်ဆီမှ သူမ အချက်အလက်ကို လိုချင်သည်မှာ ဖြစ်နိုင်။ ကျွန်တော်တွေးသည်သာမှန်လျှင် အစောကတည်းက Konan သည်

“__ Tsukimori က သူအမေကိုပါ သတ်လိုက်တယ်လို့ ခင်ဗျားယူဆတယ်ပေါ့ ဟုတ်ဖူးလား?” ကျွန်တော် တည်ငြိမ်စွာမေးလိုက်သည်။.

ကျွန်တော်ကို မဖြေခင် ဖန်ခွက်မှ ရေတငုံ သောက်လိုက်သည်။ စားပွဲထိုးမလေး မှာထားသည်ကို လာချပေး၍ လက်ခံလိုက်သည်။ Konan ကော်ဖီတစ်ခွက် ထပ်မှာလိုက်သည်။ ဆိုင်တွင် ဖောက်သည် အများကြီးရှိသော်လည်း အရက်စက်ဆုံး အကြောင်းအရာ များကို ပြောကြသူမှာ ကျွန်တော်တို့ နှစ်ဦးပင် ဖြစ်မည်။ ကျွန်တော် ထိုသို့ ထူးဆန်းသောအခြေအနေကို သဘောကျမိသည်။ စားပွဲထိုးမလေးထွက်ခွာသွားသောအခါ Konan စကားဆက်ပြောလေသည်။

“ရဲတွေက အစောပိုင်းကတည်းက ဒါကို ဖြစ်နိုင်တယ်လို့ ယူဆထားပြီးသား ဒါကြောင့် ဖြစ်နိုင်ချေက အစကတည်းကရှိတယ်”

၎င်းမှာ အချက်ပြချက်။ သို့သော် ပုံမှန်မဟုတ်ပဲ ပျော့ပျော့ပြောင်းပြောင်း။ ကိစ္စ၏ အခြေအနေပေါ်မူတည်ဟန်ရှိသည်။ သို့သော် ထိုအရာသည် ပိတ်ပင်သည်လည်း မဟုတ်ပေ။ ထိုကြောင့် လူသတ်နည်းစာရွက်မှ စိတ်ထဲပေါ်လာသည်။ ထိုကြောင့်များ ရဲများသိသွား၍ Tsukimori ကို သံသယဝင်သည်လော? ကျွန်တော် အာများခြောက်နေသည်။ ကျွန်တော် အတော်လေးပင် စိတ်ထဲမွန်းကျပ်နေသည်။

“နှိုင်းတာတော့ မဟုတ်ဘူး ဒါပေမယ့် မင်းတို့ဆိုင်က ကော်ဖီလောက် မကောင်းဘူးကွ”

ဟု ကော်ဖီတစ်ကျိုက်သောက်ပြီးနောက် စိတ်တိုင်းမကျဟန်ဖြင့် Konan မှတ်ချက်ချသည်။ ပြတင်းပေါက်မှန်မှ ကျွန်တော် ပုံရိပ်ကတော့ ပျင်းစရာကောင်းသည့် အထက်တန်း ကျောင်းသား တစ်ယောက် ၊ ကံကောင်းစွာဖြင့် ကျွန်တော် ရုပ်တည်တဲ့ နေရာမှာ တော်သည်ဟု ပြောရမည်။

“. . . Tsukimori ရဲ့ရည်ရွယ်ချက် ကဘာလဲ?”

Tsukmori ကိုသံသယဖြစ်ပါက သူမရည်ရွယ်ချက်က လက်ရှိအထိ မရှင်းလင်းသေး။ သူမအမေကို သတ်ရန်အကြောင်းမရှိ။ အနည်းဆုံး ကျွန်တော် စဉ်းစား၍ မရ။ ထိုကြောင့် သူမ အပြစ်ကင်းသည့်ဟု ယူဆရသည့် အကြောင်းတစ်ချက်။ ကျွန်တော်မေးခွန်းမှာ ရဲအရေးပိုင်သောကိစ္စများကို သိချင်စိတ်နှင့်ရောထွေးနေသည်။ သို့သော် Konan မှပွင့်ပွင့်လင်းလင်းပင်။

“မသိဘူး အခုထက်ထိကို ဆန်းကြယ်နေတုံးပဲ မဟုတ်ဘူးလား သူ့မိဘတွေနဲ့လည်း အဆင်မပြေတာ မဟုတ် ဒါကြောင့် မင်းကို အကူအညီတောင်းတာပေါ့ ငါလည်း ဘယ်သိပါ့မလဲ”

သူ့ကိုကြည့်ရသည်မှာ တကယ်ပင် မသိသည့်ပုံ။ ဒါဆိုအဘယ်ကြောင့် Tsukimori ကိုသံသယဝင်သနည်း။ ဒါဆို သူတို့လူသတ်နည်းစာရွက်ကိုသိ၍လော ။ ဒါမှမဟုတ် ကျွန်တော်မသိသည့် သဲလွန်စတစ်ခုခုကြောင့်လော။ တိတ်ဆိတ်နေစဉ် Konan ကျွန်တော်ကို ပြုံး၍

“သိပ်လည်း အတွေးမလွန်ပါနဲ့ ဖြစ်နိုင်တယ်ပဲ ပြောတာပါ ၊ အစက်လေးတွေစက်ပြီး ပုံဖော်ရမှာက ငါ့အလုပ် ကဲဟုတ်ပြီလား ”

“ရပါတယ်”

ကျွန်တော် အပြုံးဖြင့် မော့လိုက်သည်။ ထလိုက်သည်။

“. . . Tsukimori က ရည်ရွယ်ချက်ကို မသိပဲနဲ့ ဘာလို့ သံသယဝင်ရတာလဲ ဆိုတာ အံဩနေတယ်”

အပြုံးတစ်ခုချန်ထားကာ အာစွတ်အောင် ရေသောက်လိုက်သည်။ ဒီမေးခွန်းက Tsukimori ကို Konan ဘယ်လောက်သိလဲဆိုတာ ဉာဏ်စမ်းခြင်း။ Konan ကလည်း ပြုံးနေသည်။ ထိုနောက် ယုံကြည်မှုအပြည့်ဖြင့်

“ဒီလောက်အချိန်တိုတွင်းမှာ မိသားစုဝင်နှစ်ယောက်ဆုံးရှုံးသွားတာ ပုံမှန်မဟုတ်ဘူးလေ ဟုတ်လား?”

ကျွန်တော် သဘောတူမိသည်။

“ဟုတ်ကဲ့”

“ဒါကြောင့် တခုခုရှိမယ် ထင်နေတယ် ဒါကြောင့် ငါကိုယ်တိုင် ရဲလည်းဖြစ်နေတော့ စုံစမ်းကြည့်ချင်လို့ တကယ်လိုသာ တိုက်ဆိုင်မှု ဆိုရင်လည်း ထားလိုက်ပေါ့ကွာ ဒါကြောင့် မင်းကို ပြောတာပါ”

ကျွန်တော်ခေါင်းထပ်ညိတ်လိုက်သည် “ဟုတ်ကဲ့”

စိတ်ထဲ အံဩသွားသည်။ စိတ်ရှုပ်ထွေးသွားသည် ဆိုလျင်ပိုမှန်သည်။ ကျွန်တော် Tsukimori Youko ကိုထားသော သံသယများမှာ ရှင်းရမည် ဖြစ်သော်လည်း Konan စကားများသည် လည်း မှန်၏။

“. . .Tsukimori ကိုရောစုံစမ်းပြီးပြီလား”

“ဒါပေါ့” ဟု Konan ကမဆိုင်းမတွ ဖြေလိုက်သည်။

“ဒါက တာဝန်နဲ့ဆိုင်သွားလို့ အသေးစိတ်ပြောလို့မရဘူး မင်း Youko-chan ကို တိုက်ရိုက်မေးလို့တော့ရပါတယ် ဘာပဲဖြစ်ဖြစ် အရေးတော့မကြိးပါဘူး ရုတ်တရက်ကြီး သူမိဘနှစ်ပါး ကွယ်လွန်တာ ကလွဲရင် ကျန်တာ သံသယဝင်စရာတော့ မရှိပါဘူး”

ကျွန်တော် သူ့စကားကို မယုံသော်လည်း ရဲများတွင် တိကျသည့်သက်သေရှိဟန် မဟုတ်သည်တော့ သေချာသည်။

“ငါလည်းတိုင်ပတ်နေတယ် ငါတို့ရဲတွေက ကမ္ဘာကပါလေးစားရတာ ဒါပေမယ့် ငါ့အနေနဲ့ လွဲပြီးသိထားတာလား? လူတွေကရော မီဒီယာကပါ ဖြူစင်တဲ့ကျောင်းသူ တစ်ယောက်ကို သံသယဝင်တယ်ဆိုတာ ခွင့်လွတ်မှာ မဟုတ်ဘူး ဘယ်လောက်ပဲ တောင်းပန်ရင်တောင်”

အခုမှ ယုတ္တိရှိလာသည်။ သေချာသည် သို့သော် ကျွန်တော် တွေးထားသည်နှင့်တော့ မဆိုင်သေး။ ဒီအကြောင်းကသက်သက်ကြောင့် Tsukimori ကို တရားခံ အဖြစ်သတ်မှတ်ရန် ခက်ခဲ သေးသည်။

“ဒီတော့ ငါ့ကို အခုလိုကျပ်မနေနဲ့! ငါတို့ရဲတွေက တိုင်းပြည်ကို အလုပ်အကျွေးပြုတာတော့မှန်တယ် ဒါကြောင့် ဖိအားတွေကလည်း အများကြီး ဒါကြောင့် သေချာတဲ့ သက်သေမရှိပဲ ဘာမှ လုပ်လို့မရဘူး”

သူခါးကို မတ်လိုက်ပြီး ပုခုံးတွန့်လိုက်သည်။ အမေရိကန်တစ်ယောက်လို။

“ဒါဆို ကျွန်တော်ဆီက ဘာကိုလိုချင်တာလဲ”

“အိုး? မင်သဘောပေါက်တယ်လား မဆိုးဘူး Nonomiya-kun!”

သူ လက်ချောင်းများပင် မသုံးပဲ လေချွန်လိုက်သည်။ သူကို သိတာ မကြာသေးသော်လည်း အတော်လေး လည်မယ်တော့ သတိထားမိသည်။ သူကို ဘာမှ မပြောရသေးအတွက် ကျေနပ် မိသည်။ ရုတ်တရက် Konan ရှေ့ကိုတိုးလာပြီး

“ဒီနေရာကနေ မင်းကစရမှာ ငါ့ကို ကူညီပါဦး”

ကျွန်တော် မကြောက်သည့်ပုံဖြင့် နာခေါင်းရှုံ့ပြလိုက်သည်။ ပြောသည်စကားများကို ပြန်တွေးပြီးနောက် သူ၏ ရည်ရွယ်ချက်ကို သဘောပေါက်သွားသည်။

“. . . ရဲနဲ့ မသက်ဆိုင်တဲ့သူသာ Tsukimori ကို စုံစမ်းမယ်ဆိုရင်တော့ ပြဿနာမရှိဘူးပေါ့။ ပြီးတော့ သူမနဲ့နီးကပ်တဲ့သူဖြစ်လေ ကောင်းလေပေါ့ ဒါကြောင့်ရွေးတာလား”

“ကြည့်ရတာ ငါတို့တွေ နီးစပ်နေပြီဟ” ဟု Konan အားရကျေနပ်ဟန်ဖြင့် ကော်ဖီခွက်ကို လှုပ်လိုက်သည်။

“ပြီးတော့ မင်းက ဒီလိုမျိုးအလုပ်မျိုးကို သဘောကျတယ်ဟုတ်”

“ကျွန်တော်ကတော့ အလုပ်ရှုပ်မယ့်ဟာဆို ဝေးဝေးနေပါတယ်” ဟုပြောကာ ဆက်၍

“ကိုယ်ဖာသာကိုယ် ကျွန်တော် ဘာကြိုက်တယ် ဆိုတာ မဆုံးဖြတ်ပါနဲ့ဗျာ” တကယ်တော့ ကျွန်တော် စိတ်ဝင်စားသည်။

“မညာပါနဲ့ ညီလေးရာ” သူ အပိုင်ပင် ရယ်လိုက်သည်။

သူ ကျွန်တော် ဘယ်လိုလူမျိုးလဲ ဆိုတာက ကို ချက်ချင်းပင် သိပုံရသည်။ ကျွန်တော် စုံစမ်းမှုကို စိတ်ဝင်စားပုံပြမိ၍လော? ကျွန်တော် သူ၏ အလုပ်အပေါ် စိတ်ဝင်စားပုံ ပြမိ၍လော။ မည်သို့ပင်ဖြစ်စေ ကျွန်တော်ကိုယ်တိုင်လည်း ဖုံးကွယ်ထားရန် မရည်ရွယ် ထိုအပြင် သူလူကဲခတ်တော်သည်ကိုလည်း လေးစားရမည်။

“ဒါကြောင့်လည်း မင်းကိုခေါ်တာလေ”

“ဒါဆို ကျွန်တော် အသေးစိတ်အနေနဲ့ဆို ဘာလုပ်ပေးရမလဲ”

ကျွန်တော် နာခံဟန်ဖြင့် စောင့်ကြည့်နေလိုက်သည်။ သူဘာအကွက်များရွေ့လေမလဲ။

“မပူပါနဲ့ကွာ တကယ်ပြောတာ! တကယ်တော့ Youko-chan နဲ့ပတ်သတ်ပြီး ငါမေးတာတွေဖြေရင်ရပါပြီ။ ငါမင်းကို ဟိုဟိုဒီဒီပို့ပြီး စစ်မှာမဟုတ်သလို မင်းကို အကျပ်ကိုင်မှာလည်း မဟုတ်ပါဘူး ဒါကြောင့် မအေးခင်မြန်မြန်စားလိုက်ဦး ပြီးရင် စိတ်ပါရင် အချိုပွဲပါ မှာလို့ရသေးတယ်”

Konan ပုံစံက ခပ်ထေ့ထေ့ အပြုံးဖြင့်။ ကျွန်တော်ကို တခုခု ဉာဏ်များရန် ကြိုးစားနေသည်ဟု ခံစားရသည်။ ပုံမှန် စားလေ့မရှိသော်လည်း ယခုတွင်တော့ ကျွန်တော် ဓားဖြင့် အေးခါနီးနေသော steak ကိုဖြတ်လိုက်သည်။

“__ တကယ်တော့ ရုံးကခိုင်းလို့ ဒီကို ရောက်လာတာမဟုတ်ဘူး ငါ့က အကူအညီတောင်းတာလို့တော့ မင်းယူဆလို့ရတယ် ပွင့်ပွင့်လင်းလင်းပြောရရင် ငါတစ်ယောက်တည်းပဲ Youko chan ဘာတွေတွေးနေလဲ ဆိုတာ သဘောပေါက်နိုင်တာ”

ကျွန်တော်စားနေတုံး တစ်ယောက်တည်းပြောနေသည်။

“အင်း အံဩစရာတော့ မဟုတ်ပါဘူး ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီ ကိုယ်ကိုယ်သတ်သေတဲ့အမှုကလည်း ထူးခြားနေတယ်။ တကယ်လို့ သူယောကျာ်းသေလို့ လိုက်သေတယ်ဆိုရင် က ယုတ္တိတော့ ရှိပါတယ်။ ဒီအတွက်လည်း သူသေခါနီး ကျန်းမာရေးဆိုးရွားလာတဲဆိုတဲ့ အချက်တွေတောင် စစ်ဆေးတုံးက တွေ့သေးတယ်”

Konan ခပ်ရွဲ့ရွဲ့ပြုံးလိုက်ပြီး

“ဒါပေမယ့် သူရဲ့ သေတမ်းစာကို ဘာလို လက်နဲ့မရေးပဲနဲ့ ကွန်ပျုတာထဲမှာ ရေးရတာလဲ ဒါက တစ်ယောက်ယောက်က စာရိုက်ပြီးတော့ သေကြောင်းကြံမှု လို့ အထင်မှားအောင် လုပ်လို့ ရတယ်လေ ဒါပေမယ့် ဒါချည်းသက်သက်ဆိုရင် မခိုင်လုံသေးဘူး။ သေကြောင်းကြံတဲ့သူတိုင်း မှာတမ်းထားခဲ့တာ မဟုတ်ဘူး နောက်တစ်ချက်က Youko-chan က သံသယဝင်စရာက တော့ သူသမီးဖြစ်နေလို့ပဲ သူ့အပြုအမှုကြောင့်တော့ မဟုတ်ဘူး”

ကျွန်တော် ခရင်းနှင့်ဓားကိုချလိုက်ကာ Konan မျက်လုံး ကိုတူရှုကြည့်လိုက်ပြီး

“ဒါဆိုရင် ခင်ဗျား ဘာလို့ Tsukimori ကိုသံသယဝင်လဲ ဆိုတာ ကျွန်တော် နားမလည်နိုင်တော့ဘူး ခင်ဗျာ သေချာတဲ့ ရှင်းလင်းချက် မပြောမချင်း ကျွန်တော်ကူညီမှာ မဟုတ်ဘူး”

လူသတ်နည်းကိုသိပြီးနောက် Tsukimori ကို ထိုအချိန်ကပင် စ၍ နေတိုင်းစုံစမ်းခဲ့သည်။ ထိုကြောင့် မနေ့တနေ့မှသာတွေ့သော သူက Tsukimori ၏ ကျွန်တော် မသိသေးသော အချက်ကို အဘယ်ကြောင့် သိနိုင်မည်နည်း။ Tsukimori ၏ လှည့်စားမှုများကို လူသတ်နည်းစာရွက်ကို ကိုင်ထားသည့် ကျွန်တော်က မသိတာ မည်သည်နည်း။ထိုကြောင့် ကျွန်တော် မသိသော အချက် ကိုသာ သူသိနေပါက ကျွန်တော်အနေအထားလည်း ပြောင်းရန်လိုပေမည်။

__ အဘယ်ကြောင့်ဆိုသော် ကျွန်တော် မသိမဖြစ် သိရန် လိုအပ်သော်ကြောင့်

ပုံမှန်လေသံဖြင့်ပင် Konan မှ “စုံထောက်တစ်ယောက်ရဲ့ ညာဉ်လေ”

“ဟမ်?”

ကိုယ်နားကိုပင် ကိုယ်မယုံနိုင်။ ကျွန်တော် ဝေဝါးသွားသည်ကို သိ၍ ထပ်ဖြည့်လိုက်သည်က

“ငါပြောတာ ရှုပ်သွားလားမသိ တကယ်တော စကားနဲ့ပြောပြဖို့ကမလွယ်ဘူးကွ! အင်း မင်းတခုခု မှားနေသလို ခံစားရတာမျိုးကွာ”

“အသိစိတ်ပေါ့ ဟမ်. . . ” တီတိုးရွေရွတ်သော်လည်း စိတ်တိုင်းမကျ။ သို့သော် သူ ဆက်၍ ထွက်ကျလာသော စကားများက အံအားသင့်စရာ။

“အင်း Youko-chan က ပြီးပြည့်စုံတယ်နော် မဟုတ်ဘူးလား”

ကျွန်တော် ရင်ခုန်နှုန်း ရုတ်တရက်မြန်လာသည်။ သူလည်း ကျွန်တော်ကဲ့သို့ စိတ်ထဲထင်နေပုံရသည်။

“ရဲအလုပ်လုပ်တော့ ဒါမျိုးတွေ ခဏခဏကြုံဖူးတယ်။ အဲဒီအမှုနဲ့ ပတ်သတ်တဲ့ လူတွေက တကယ်ကို ပြောလို့မရအောင် ဝမ်းနည်းကြေကွဲနေကြတယ် ဘာဖြစ်လို့လဲဆိုတော့ မင်းတို့အရွယ် လောက် မှာ မိဘတွေကို ဆုံးရှုံးခဲ့တာကိုး! ဘဝမှာ ကြီးမားတဲ့ ပြောင်းလဲမှုပဲလေ လက်ခံလား တကယ်လည်း ကံတရားက ရက်စက်ပါတယ်ကွာ မတော်တဆဖြစ်လိုက် ဒါမှမဟုတ် မူခင်းတစ်ခုခုကြောင့် ဖြစ်လိုက် ငါအဲဒီလို ကလေးတွေနဲ့ တွေ့ရင် ဘယ်လိုရင်ဆိုင်ရမလဲ ဆိုတာ မသိဘူး သူတို့အတွက် မိဘနှစ်ပါးလုံးဆုံးရှုံးရတာ ဘယ်လောက် ခက်ခဲသလဲ?”

သူမျက်နာကိုတင်း၍

“အခု သူကရော? ငါအမြင်မှာတော့ Youko-chan ပုံစံက ဒီဆုံးရှုံးမှုကို ကြုံတွေ့ရတဲ့ စိတ်အကြီးအကျယ် ထိခိုက်နစ်နာနေတာနဲ့ မတူဘူး။ ငါတို့ပြောနေတဲ့ စကားတွေကို အေးအေးဆေးဆေး ပြန်ဖြေနေတာပဲ။ မင်းပုံမှန်သာဆိုရင် ဒီလိုပြန်ဖြေနိုင်ပါ့မလား သူရဲ့ ပြီးပြည့်စုံမှု ဆိုတာ သူ့ကိုယ်သူ အားတင်းထားလို့နဲ့ ရင့်ကျက်တာနဲ့ ပြောရုံနဲ့မရတော့ဘူး မင်းသဘောတူလား?

__ သူမ ပြီးပြည့်စုံမှုဟာ ပတ်ဝန်းကျင်ကလူတွေကို မွန်းကျပ်စေလိမ့်မယ်

သူပြောမှ တွေးမိသည်။ ကျွန်တော်လည်း အစက ထိုကဲ့သို့ပင်ထင်ခဲ့သည်။

“ငါစိတ်ထဲမှာ သူမိဘတွေ မရှိရင်တောင် ဘာမှမဖြစ်ဘူးလို့ တွေးမိတယ် ငါတို့ဘာမှ စိတ်ပူစရာမလိုဘူးလေ”

စကားအရှည်ကြိး ပြော၍ မောသွားသည့်ဟန်ဖြင့် ကော်ဖီကို မသောက်ပဲ ဖန်ခွက်ထဲမှ ရေကိုသာ သောက်လိုက်သည်။

“အကြောင်းပြချက်မရှိလို့ ပြောရတာ ဆောရီးပါ တကယ် ငါအတည်ပြောနေတာပါ ငါတို့လောကမှာ ဒါမျိုးက ရှားလှတာတော့မဟုတ်ဘူး စိတ်ထင့်ကနဲဖြစ်လို့ စုံစမ်းတာနဲ့ တကယ် အဖြစ်မှန် ကို သိရတယ်ဆိုတာ”

Konan ကိုကြည့်၍ အကဲခတ်လိုက်သောအခါ ယုံကြည်မှုအပြည့်ဖြင့် —

“ဒါကြောင့် အမြဲ အတွေးတွေနဲ့ ရှုပ်ထွေးနေတာ ၊ မင်းယုံချင်ယုံ မယုံရင်နေ ဒါက ဒီလောက်ရိုးရှင်းတဲ့ကိစ္စမဟုတ်ဘူး တကယ်တော့ မရိုးရှင်းတဲ့ လူတွေအနီးမှာ မရိုးရှင်းတဲ့ ကိံစ္စတွေ ဖြစ်တက်တယ် မဟုတ်လား?’

__ ထိုသည်ကပင် “စုံထောက်ညာဉ်” ဖြစ်ရမည်။

အတော်ပင် လက်ခံနိုင်စရာ ဟုဆိုရမည်။ ကျွန်တော် တိတ်ဆိတ်နေသည်ကို Konan မှ မကျေနပ်ဟု ထင်နေပုံရသည်။

“ငါမင်းကို ပြောလိုက်လို့ စိတ်ထဲတမျိုး ဖြစ်သွားသလား တကယ်လည်း ဖြစ်သင့်ပါတယ် နောက်ဆုံးတော့ ငါသံသယတွေကို ရှင်းလင်းဖို့အတွက် မင်း Youko-chan နဲ့ ဒီလောက် နီးစပ် နေတာတောင် အကူအညီတောင်းတာဆိုတော့ ပြန်တွေးကြည့် ငါနည်းနည်းတောင် ယုတ်မာသလိုပဲ”

သူဖာသာသူပြော၍ ရယ်လေ၏

“အဲဒီလိုမဟုတ်ပါဘူးဗျာ”

ကျွန်တော် ထိခိုက်သွားသည်မဟုတ် ၊ အတွေးပင်လယ်ဝေနေခြင်။ ကျွန်တော် ခေါင်းထဲမှ အတွေးစများစွာဖြင့် ပိတ်မိနေသည်။

—အဓိကကတော့ သူ လူသတ်နည်းစာရွက်နှင့်ပတ်သတ်၍ မသိသေး။

ဒါကတော့ အသေအချာပြော၍ရသည်။ တချိန်တည်းမှာပင် နောက်အရေးကြီးသည့်တစ်ချက်လည်း ပါဝင်သည်။ အချက်များကို ကိုယ်ဖာသာကိုယ် ပြန်ရေနေစဉ် Konan ကျွန်တော်ကို အသေအချာ ကြည့်နေသည်ကို သတိထားမိလိုက်သည်။

“ဘာလို့ တခြားဘက်ကနေမတွေးကြည့်တာလဲ? ငါ့ကို ကူညီရင်းနဲ့ သူအပြစ်ကင်းစင်တာကိုလည်း သက်သေပြလို့ရတာပဲ။ မင်း Youko-chan ကို သံသယမဝင်စေချင်ဘူး မဟုတ်လား ?”

ကျွန်တော်ပါးစပ်မှ လွတ်ထွက်သွားသည်။

“အဲဒီလို မဟုတ်ပါဘူး”

ယခင်ကတည်းမှ Tsukimori Youko ကိုမယုံကြည်သဖြင့် ရင်ထဲမှ စကားများ ထွက်ပေါ်လာသည်။ တစ်ယောက်ယောက်မှ ကျွန်တော် အတွေးကို အပြစ်ရှာနေသလို ရဲတွေပေါ်လာပြီး သူမကို မသင်္ကာစရာ အဖြစ်မှတ်ယူကြသည်။

သို့သော် ကျွန်တော် အဖြေကို ထောက်ခံသည်ဟု မှတ်ယူကာ “အေးကွ”

ဟု သူပျော်ပြီး ခေါင်းညိတ်လိုက်သည်။ “ကောင်မလေး ကော်ဖီနောက်တစ်ခွက် ပြီးတော့ ရေတစ်ခွက်!”

သူ ကုန်ခါနီး ကော်ဖီကို ဆက်သောက်လိုက်သည်။

ထိုနောက် ကျွန်တော် နှင့် Konan တစ်နာရီလုံးလုံး Tsukimori နှင့်ပတ်သတ်၍ ပြောဖြစ်ခဲ့သည်။ သိသမျှ အကုန်နီးပါး ပြောဖြစ်ခဲ့ပြီး သူမ၏ ကျော်ကြားမှု နှင့် အလုပ်နဲ့ ကျောင်းတွင် နိုင်နင်းမှုနှင့် ပတ်သတ်၍၊ သို့သော် စာကြည်တိုက်တွင် ရည်းစားစကား အပြောခံရသည့် ကိစ္စမျိုးကိုတော့ ချန်ထားသည်။ သို့သော် Victoria တွင် အလုပ်စလုပ်သည့် အကြောင်းရင်းနှင့် သူမအမေ ပျောက်သည့်ညမှ ကိစ္စများနဲ့ ပတ်သတ်၍မူ အကုန်ပြောလိုက်သည်။ စိတ်ထဲမှာတွင်လည်း ဒီပုဂ္ဂိုလ်ကို အချိန်အတန်ကြာ ဖုံးကွယ်နိုင်မည်ဟု မထင်ချေ။ ထိုကြောင့် သိသမျှအချက်များကို ပြောပြခြင်းဖြင့် ယုံကြည်မှု တည်ဆောက်သည်က အကျိုးရှိနိုင်သည် ဟုတွေးမိသည်။ အဆုံးသတ်တွင်တော့ Konan မှ ကျွန်တော် တစ်ခုခု တွေ့ရှိပါက ဖုန်းဆက်ရန် ပြောပြီး ၎င်းမှာလည်း အလျဉ်းသင့်သလို့ အကူအညီလိုပါက ဖုန်းဆက်မည် ဖြစ်ကြောင်း ပြောသည်။ ထိုနောက် ကျွန်တော်တို့ လမ်းခွဲကာ အိမ်ပြန်လိုက်ကြသည်။

သို့သော် လူသတ်နည်း စာရွက်နင့်ပတ်သတ်၍ မူ နူတ်ဆိတ်နေလိုက်သည်။ မပြောပြဟု မစဉ်စားထားခြင်း တော့ မဟုတ် ၊ သူ၏ စုံစမ်းစစ်ဆေးနိုင်သည့် အရည်အချင်း ကိုလည်း သဘောကျ မိသည်။ သို့သော် ကိုယ်ကိုယ်ကိုတော့ အမြင်အရရော အပြုအမှုအရပါ ပိုင်းလုံးနှင့် တူသည့် လူတစ်ယောက်ထံတွင်တော့ အလှည့်စားမခံနိုင်။ သူကိုသာ လူသတ်နည်းစာရွက်အကြောင်း အရိပ်ပြလိုက်ပါက နက်နက်နဲနဲ စုံစမ်းနိုင်ပြီး ကျွန်တော် စုံစမ်းခဲ့စဉ်ကထက်ပင် အကောင်ထင်လာမည်ကို သံသယမရှိ။

စိတ်ထဲတွင် စဉ်းစားနေရင်း ကျွန်တော်သာ Tsukimori Youko အကြောင်း အကုန်သိလိုပါက Konan ကို ပြောပြခြင်း သည် အထိရောက်ဆုံး နည်းလမ်းဖြစ်သည်။ သို့သော် ကျွန်တော် မလုပ်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် လူသတ်နည်းစာရွက်သည် ကျွန်တော်ဟာ ပင်ဖြစ်သည်။ ထိုအချက်ကိုတော့ စိတ်ထဲတွင် ထိုသို့ မှတ်ယူသည်။ တချိန်တည်းမှာပင် သတိထားမိလိုက်တာက လူသတ်နည်းစာရွက် ၏ အရေးပါမူသည် ကျဆင်းသွားခြင်း မရှိသေး ဆိုသည့်အချက်ပင်။