Gekkou:Volume 1 ဝန်ခံခြင်း

From Baka-Tsuki
Jump to navigation Jump to search

[ဝန်ခံခြင်း][edit]

နှစ်ရက်ခန့် ကြာသော အခါ Tsukimori Youko တစ်ယောက် ကျောင်းသို့ ပြန်ရောက်လာသည်။ တခြားအခန်းမှ ကျောင်းသား ၊ ကျောင်းသူများပင် သူကိုမြင်ချင်၍ပင် လာကြည့်ကြရသည်။ တစ်ယောက်ပြီးတစ်ယောက် ဝမ်းလည်းနည်းကြသလို သနားလည်းသနားကြလေ၏။ Kamogawa အသံကတော့ လူအုပ်ကြီးကိုဖောက်ထွက်၍ ဟိန်းကနဲ။


“မင်းမရှိတဲ့ ကျောင်းတော်ဟာ လမိုက်ညလိုပဲ Tsukimori ကျေးဇူးပြုပြီး အမြန် ပျော်ပျော်ရွင်ရွင်နဲ့ အရင်လို အမှောင်ထဲက ငါ့ကို အလင်းပေးပါတော့”


အင်း ကျွန်တော် ကတော့ အမှောင်ထဲမှာ လမ်းပျောက်နေသော အူကြောင်ကြောင် ထိုငနဲသားကို မြင်ချင်လှသည်။ Kamogawa နဲ့ ယောက်ျားလေး တစ်သိုက် တို့သည် အူကြောင်ကြောင် စကားများ ပြောခြင်းဖြင့် အာရုံစိုက်ခြင်း ခံရရန် အသည်းအသန် ကြိုးပမ်းနေကြလေ၏။ မိန်းကလေးတစ်ယောက်၏ အားနည်းချက်ကို အသုံးချ အပိုင်ကိုင်ရန် ကြိုးပမ်းခြင်းသည် ဒင်းတို့အကြံအကုန်ပင် ဖြစ်ရမည်။ သို့သော် ကြည့်ရင်းကြည့်ရင် နည်းနည်းတော့ အမြင်ကတ်လာသည်။


“အတော်ကို ကဗျာဆန်တာပဲနော် Kamogawa-kun ? ”

“ကျွန်မကို စိတ်ပူပေးလို့ ကျေးဇူးပါပဲရှင့်”


သို့သော်လည်း Tsukimori ကတော့ ဒီတစ်သိုက်လုံးကို မျက်နာတစ်ချက် မပျက်ပဲ ပြုံးပြုံးလေးဖြင့် ယဉ်ယဉ်ကျေးကျေး ပြောဆိုဆက်ဆံနေတာ တွေ့တော့ အံအားသင့်စရာ။ ဒါကြောင့်လည်း နာမည်ကြီးတာ ဖြစ်ရမည်။ လူအတော်များများကတော့ သူလိုလုပ်နိုင်မည် မထင်။ သေချာတာကတော့ ကျွန်တော် ဆိုရင်တော့ လုံးလုံး ဖြစ်နိုင်မည် မဟုတ်။ သူမကို ကြည့်ရင်းနှင့် ကျွန်တော်တစ်ယောက် အာရုံနောက်ခြင်းသာ အဖက်တင်လေ၏။

လူတွေကျဲသွားသည်နှင့် Tsukimori တစ်ယောက် မတ်တပ်ထ၍ အပြုံးပန်းကို ဆင်မြန်းကား ကျွန်တော် ရှိရာအရပ်ကို လျှောက်လှမ်းလာလေသည်။


“ဒီလိုမျိုး ကျွန်တော်ဆီကို လာတယ်ဆိုတာ ခပ်ရှားရှားပဲနော်”

“ဒါပေမယ့် ဖေဖေ အသုဘ ကိုလာခဲ့တယ် မဟုတ်လား ကျေးဇူးစကား ပြောချင်လို့ပါ”

Usami နေရာတွင် ဝင်ထိုင်လိုက်ပြီး ရွင်မြူးစွာပြုံးပြလေ၏။

“ဒီတော့ ကျေးဇူးတင်ပါတယ် Nonomiya-kun”

“မခံယူဝံပါဘူးဗျာ အတန်းခေါင်းဆောင်တစ်ယောက် အနေနဲ့ လာခဲ့တာပဲဟာကို”

“ဒါပေမယ့် ဘာပဲ ပြောပြော အရင်လို ဖာသိဖာသာမနေတဲ့ အတွက် ဝမ်းသာမိတယ်”

“ဒီလောက်တောင် အေးတိအေးစက် နိုင်ခဲ့မိလို့ တောင်းပန်ပါတယ်ဗျာ ကျွန်တော် လည်း ကိုယ့်နည်းကိုယ့်ဟန်တော့ ခင်ဗျားကို စိတ်ပူမိပါတယ်”


သဘောမကျသည့် သဘောဖြင့် ပုခုံးတွန့်ပြရင်း ပြောလိုက်သည်။ သို့သော်လည်း အပြုံးမပျက်ပဲ


“ကျွန်မကတော့ ရှင့်ကို ဒီလို မထင်ပါဘူး”

“အိမ်မှာရော အခြေကျသွားပြီလား:

“ကိစ္စတွေအများကြီး ကျန်သေးပေမယ့် လောလောဆယ်ကတော့ မဆိုးဘူးပဲ ပြောရမှာပဲလေ”

“အင်း အတော်လေး ဒုက္ခရောက်ခဲ့မှာပေါ့နော် ၊ အင်း ကျောင်းဆိုတာက ခင်ဗျားလို ကျော်ကြားတဲ့သူ တစ်ယောက်အတွက် နည်းနည်းတော့ အကျပ်တွေ့မှာပဲလေ”

“အားလုံးက စိတ်ပူတဲ့ အတွက်တောင် ကျွန်မ ကျေးဇူးတင်မိနေတာ”

” အားလုံးက ဂရုစိုက်ကြတယ် ဆိုတာ ကောင်းတာ့ပေါ့ ဒါပေမယ့် အတိုင်းအတာ ဆိုတာတော့ ရှိမှာပေါ့ ၊ နည်းနည်းလေးတောင်မှ စိတ်ထဲ ကသိကအောက် မဖြစ်မိဘူးလား ဥပမာ Kamogawa လို Kamogawa လိုလူမျိုးဆိုရင်ပေါ့။

“တကယ်တော့ ယောက်ျားလေးတွေရဲ့ အဲဒီအချက်ကို သဘောတောင် ကျမိပါသေးတယ်ရှင့်”


ကျွန်တော် သူ စိတ်ထဲဘာတွေရှိမလဲ သိအောင် ဆွပေးနေပေမယ့် အကြောင်းမထူး ၊ သူမ အပြုံးမှာ သံမဏိ တံတိုင်း ကဲ့သို့ ခိုင်ခံ့နေဆဲ။


“ခင်ဗျားက အတော်လေး ရင့်ကျက်တာပဲနော်”

“အခုလို မြင်ပေးတဲ့ အတွက် ကျေးဇူးပါပဲရှင် Nonomiya-kun”

ကျွန်တော် ရွဲ့ပြီးပြောလိုက်တဲ့ စကားလုံးတွေကိုတောင်မှ သူ့အပြုံးအောက်မှာ ဘာမှ မတက်နိုင်။


“—Nonomiya-kun” ရုတ်တရက် ကျွန်တော် နာမည်ကို ခေါ်လိုက်ပြီး “ရှင်ပေးခဲ့တဲ့ ကတိကို မှတ်မိလားဟင်”

“…. ကတိ?”


ကျွန်တော် ဘာကတိတွေများ ပေးခဲ့မိလို့ ပါလိမ့်။


“တစ်ခုခု ရှိခဲ့ရင် ဆိုတာလေ—”

“— အား သိပြီ”


သူပြောမှ မှတ်မိသည်။ သူနဲ့ မနက်ခင်း တစ်ခု မှာ ပြောခဲ့ဖူးတာပဲ။


” အင်း အဲဒီ ကတိ”

“အင်း ကျွန်တော် ကတိပေးခဲ့တယ်လေ ကျွန်တော် ကူညီနိုင်တာ ဆိုရင် ကူညီပေးပါ့မယ်”


ကိုယ် ပြောခဲ့မှတော့ ကိုယ့်ကတိ ကိုယ်တည်မှရတော့မည်။ စိတ်ထဲမှာတော့ ပေါက်ကရတွေ မကူညီခိုင်းပါစေနဲ့ ဟု ဆုတောင်းမိသည်။


“စာသင်ခန်းထဲမှာ မပြောချင်တဲ့ တစ်ခုတော့ ရှိတယ်”


ဟု Tsukimori တစ်ယောက် မည်သူမျှ မကြားနိုင်လောက်သည့် ညို့အားပြင်းလှသည့် အသံတိုးတိုးလေးဖြင့် ပြောလေသည်။ရုတ်ချည်းပင် ခေါင်းမှခြေ ၊ခြေမှခေါင်း အေးစက်တောင်းတင်းသွားသည်။


“ကျောင်းဆင်းရင် စာကြည့်တိုက်မှာ စောင့်နေမယ်နော်” ဟု တိုးတိုးလေး ပြောကြားပြီး မဟာဆန်လှသော သူမ ခြေလှမ်းများ ထွက်ခွာသွားသည်။


ကျွန်တော် လက်ကြားထဲမှာ ချွေးစေများ ။ ကြည့်ရတာ ခန္ဒာကိုယ်က ထင်ထားတာ ထက်တောင်ပိုပြီး တောင့်တင်းနေသလို။ သူမ ထူးထူးခြားခြား ဆက်ဆံပုံက “လူသတ်နည်း” ကို သတိရစေသည်။ သိချင်စိတ်က ရုတ်တရက် ပြင်းပြလာသလို ထိုကိစ္စနဲ့ ပတ်သတ်ပြီး အကျိုးတစ်ခုခု ဖြစ်ထွန်းနိုင်မည် ဟု ယူဆသည်။ သို့သော် မည်သူမှ မရှိသည့် နေရာမှာ သူမနှင့် တွေ့ဆုံရမည် ဆိုတော့ “လူသတ်နည်း” စာရွက်ရှိနေသည်ကို သူမများ သိနှင့်ပြီလား ဆိုသည့် အချက်က စိတ်ကို ခြောက်လှန့်လျက်။ ထို့ကြောင့် သိချင်စိတ်ကို ကျော်လွန်ပြီး ကြောက်ရွံခြင်း ဖြစ်ပေါ်လာသည်က သက်သေ။ စိတ်ထဲမှာတွေးမိသည်က


“Tsukimori များ ငါ့လက်ထဲမှာ ဒီစာရွက်ရှိတာ သိနေရင်”


ကိုယ်ဖာသာကိုယ် တွေး၍ ဆိုးရွားလှသည့် ဖြစ်နိုင်ချေကို မှန်းဆပုံဖော်နေမိသည်။ သူမအဖေအသုဘ တွင် မည်သည့်ပြဿနာမှ မရှိပဲ ပြီးဆုံးအောင်ကနိုင်ခဲ့သည့် သူမသည် ရုပ်ရှင်မင်းသမီး တစ်ယောက်ကဲ့သို့ အားလုံး ပါးစပ်ဖျားတွင် ရေပန်းစားသူ တစ်ဦးဖြစ်လာသည်။ သူမ အကြံအစည်က တစ်ခုခုများ လွဲသွားခဲ့သောကြောင်းလား ? သူမ လို လူမျိုးကို ထိုသို့သာ တွေးမိသည်။

ကိစ္စပြီးစီးသွားပြီးနောက် သူမ ဘဝ၏ အနှောင်အယှက်မှာ နှစ်ခုသာ ရှိသည်။ တစ်ခုက လူသတ်နည်း စာရွက် ဖြစ်ပြီး ဒုတိယ တစ်ခု က ကျွန်တော်ပင် ဖြစ်သည်။ သူမဘဝ လုံခြုံအောင် ဒီနှစ်ခုကို အနှေးနှင့် အမြန် ရှင်းလင်းပြီးပါက အတော်သာယာပြီ ဖြစ်သည်။ ထို့ကြောင့် အနှေးနှင့်အမြန် ကျွန်တော်ကို သတ်ရန်ကြံစည်သည်ပင် ဖြစ်ရမည်။ တံတွေးကို မနည်းမျိုချလိုက်မိပြီး ရင်လည်းအတော်ခုန်နေသည်။ ပြီးတော့ ရယ်လိုက်မိ၏။

ကျွန်တော် မသေချင်သေးပါ။ အခုလိုတွေးတာ ကြောင်တောင်တောင် နိုင်လှသည်ဟု့ သတိထားမိသော်လည်း စိတ်ဝယ် အတော်လေး ရှုပ်ထွေးနေသည်။ စိတ်ရှုပ်ရသည့် အကြောင်းအရင်း တစ်ရပ်က “သူမသားကောင်ကို ဘယ်လိုအမဲလိုက်မလဲ” ဆိုတာပါ။ ယခုလို အခြေအနေမျိုးလောက် ဘယ်များမှာ စိတ်လှုပ်ရှားစရာ ကောင်းပါ့မလဲ။ တဖက်သူကသာ Tsuikimori Youko သာဖြစ်လျှင် သူမ ထက်ပို၍ပြည့်စုံသည့် ပြိုင်ဖက်ကိုပင် မမျှော်လင့်မိတော့။ ၁၇ နှစ်တာ ဖြတ်သန်းရသည့် ဘဝထဲတွင် ယနေ့မျှ ကောင်းမွန်လှပသည့် အခြေအနေမျိုးကို မတွေ့ကြုံဖူး။

အသက်ကို ဝဝရှုပြီး စာကြည့်တိုက်ဖက်ကို ထွက်ခဲ့သည်။ သစ်ရွက်ခြောက်တွေ ကြွေကျသလိုလို စာရွက်အဟောင်းတွေ ရနံ့မှ အခန်းထဲသို့ ဆီးကြိုလျှက်။ ကျွန်တော် မကြိုက်သည် မဟုတ်။ သာမန်အချိန်ဆိုပါက အေးအေးဆေဆေးပင် စာကြည့်တိုက်ထဲ၌ စာဖတ်နေမည် ဖြစ်သော်လည်း ယခုတွင်မူ။

ကျွန်တော် အေးအေးဆေးဆေး လှမ်းလာနေသော်လည်း မျက်လုံးမှ Tsukimori ကို အငမ်းမရ ရှာဖွေနေမိသည်။ သိပ်မကြာခင်မှာပဲ သူမကို တွေ့ရှိသွားပြီ။ အတွင်းဖက် စားပွဲခုံပေါ်တွင် စာအုပ်တစ်အုပ် ကို ဖတ်ရှုလေ့လာနေသည့် သူမ ။ စာအုပ်အဖုံးမှာလည်း အတော်ပင် ခန့်ညားလှသည်။ ကျောင်းဆင်းပြီးသွား၍ တိတ်ဆိတ် ငြိမ်သက်နေသည်။ သို့သော် Tsukimori နှင့် အနီးတဝိုက်က ပို၍ တိတ်ဆိတ်ငြိမ်သက်နေသယောင်။ ဖြူစင်သော အသွင်အပြင်ဖြင့် ပြုစားထားသော သူမကို ချဉ်းကပ်ရ ခက်နေလေ၏။ ထိုကြောင့် မတ်တပ်ရပ်နေသော ကျွန်တော် တစ်ယောက် အသက်ပင်မရှုမိ။ ကော့စင်းရှည်လျား နေသော မျက်တောင် နှစ်ဖက်ကလည်း အချိန်နှင့် အမျှ နူးညံစွာ ပိတ်လျှက် ဖွင့်လျှက်။ သူမလက်သည်လည်း စာအုပ်အစွန်း ပေါ်သို့တင်ထားပြီး တမျက်နာပြီးသွားလျှင် ညင်သာစွာ လှန်၍ နောက်တစ်မျက်နာသို့ ကူးပြောင်း လေ၏။ သူမသွင်ပြင် ကြည့်ရသည်မှာ သိကြားမင်း ထုဆစ်ထားသည့် အလှပဆုံး ဖန်သားနတ်သမီးရုပ်နှယ်။ ကျွန်တော်ကတော့ “ဒီအချိန်မှာ သူမ ဓာတ်ပုံ ရိုက်ထားပြီး ရောင်းစားရင် အတော်လေး ချမ်းသာမှာပဲ” ဟုပင်တွေးမိသည်။ သတိထားမိတာကတော့ သူမ နှင့် ကျွန်တော်မှ အပ အခြား မည်သူမည်ဝါမျှပင် မတည်ရှိ။


“အင်း ထပ်တော့ပြောရဦးမယ် ဒီရက်တွေမှာ အတော်လေး ပင်ပန်းသွားမှာပဲနော် –”


ကျွန်တော် စာအုပ်စင်ကိုမှီ၍ လှမ်းပြောလိုက်သည်။ ဆက်၍


“အဖေတစ်ယောက်လုံး မတော်တဆမှု မှာ ဆုံးရှုံးသွားတယ်ဆိုတော့”


Tsukimori စာအုပ်ကို ပိတ်လိုက်ပြီး ကျွန်တော်ဆီသို့ ဖြည်းညှင်းစွာ လှည့်ကြည့်သည်။


“အင်း အဓိကကတော့ အမေပေါ့။ သူမ ဒီလောက် စိတ်ဆင်းရဲတာ ကျွန်မ မမြင်ဖူးဘူး”


သူမ အားနည်းနေပုံဖြင့် ခပ်ဖျော့ဖျော့ ရယ်ရင်း ပြောသည်။


“ခင်ဗျားကရော”

“တောင်းပန်ပါတယ် အခုချိန်မှာ ဒါကို မပြောချင်ဘူး”


Tsukimori အနေရခက်သည့်ပုံဖြင့် ခေါင်းခါလိုက်သည်။ ဒါက မေးခွန်းကိုရှောင်လွဲတာပဲ။


“ဟင့်အင်း ကျွန်တော် မေးမိတာ ရိုင်းသလို ဖြစ်သွားတယ် တောင်းပန်ပါတယ်”


ကျွန်တော် ဦးညွတ် လိုက်သည်။


“စကားမစပ် ဘာကိစ္စ ရှိလို့လည်း မသိ ?”


အသက်ရှုထုတ်ပြီးနောက် ဆက်၍ပြောလိုက်သည်မှာ


“ဒီလို စာကြည့်တိုက်မှာ တသီးတသန့် ခေါ်တယ်ဆိုတော့ လူသိမခံလိုတဲ့ ကိစ္စတစ်ခုများ ဖြစ်နေမလားမသိ”

“ရှင်ပြောဖူးတယ်လေ ကိစ္စတစ်ခုခု ရှိရင် အကူအညီတောင်းလို့ရတယ်ဆိုတာလေ”

“အင်းဟုတ်တယ်လေ ခင်ဗျားကလည်း ကျွန်တော်ကို တိုက်ရိုက် အကူအညီတောင်းပါ့မယ် ဆိုပြီး ပြန်ပြောတယ်လေ”

“အင်း ဒါပဲလေ ဒါကြောင့် ရှင်ပြောဖူးသလို အကူအညီတစ်ခု တောင်းချင်လို့ နားထောင်ပေးပါ Nonomiya-kun”


ဆက်၍ နှုတ်ခမ်းဖျားနှစ်ခုကြားမှ ဖွဖွလေး ထွက်လာသော စကားမှာ


“ကျွန်မ ရှင် နဲ့တွဲချင်တယ်”


သူမ ရဲ့ မထင်မှတ်ထားတဲ့ တုံ့ပြန်မှုကြောင့် ကျွန်တော် စိတ်ထဲ ကယောက်ကယာက်။ ဒါပေမယ့် သေချာအောင် ပြန်ပြီးမေးလိုက်သည်။


“ဘယ်ကိုတွဲသွားမလို့လဲ”


သို့သော် အသိရခက်လှသည့် သူမ တုံ့ပြန်သည်က


“ရှင် မကောင်းဘူး”


ဟု ဘယ်မှညာ ခေါင်းတစ်ချက် ခါလိုက်သည်။


“ကျွန်တော် ခင်ဗျားကို အပြစ်တော့ မပြောလိုပါဘူး။ ဒါပေမယ့် ခုနကလို မေးခွန်းမေးတော့ ပြန်ပြီး မေးကြည့်ချင်တာက ၊ ခင်ဗျားအဖေ ဆုံးသွားတာ သိပ်တောင်မကြာသေးဘူးနော်”


Tsukimori လိုမဟုတ် ၊ ကျွန်တော်ကတော့ ရင်ထဲက စိတ်လှုပ်ရှားမှု ကိုမပေါ်လွင်အောင် ထိန်းချုပ်ရမည်။ ခေါင်းတစ်ခုခုလုံး သွက်သွက်ခါအောင် လည်နေသောလည်း သူမ အပြုအမှု တွေအကုန်လုံးကို သတိထား၍ စောင့်ကြည့်နေရသည်။


“ကျွန်မက မဆင်ခြင်ဘူး လို့ ရှင်ပြောချင်တာလား”

“အင်း ဒီလိုပဲ ဆိုပါတော့”

“ဒါဆို အထင်လွဲနေပြီ အဖေ မဆုံးခင်ကတည်းကိုက ကျွန်မ ကို ဖေးမဖို့ လူတစ်ယောက် လိုခဲ့နေတာ ၊ လိုအပ်နေတာ 'နှလုံးသား လက်တွဲဖော်' ပြောရင်လည်း မှန်တာပဲ ၊ ကျွန်မ က လူတိုင်းထင်သလောက် မရင့်ကျက်ပါဘူး ရှင်သိလား”


ဟုတ်ပါသည်။ အကြောင်းပြချက်ကောင်း တစ်ခု ၊ သို့သော် လက်တွေ့မကျသည့် အချက်များစွာလည်း ရှိသေးသည်။


“ဒါဆို ဘာဖြစ်လို့ ကျွန်တော်ဖြစ်နေရတာလဲ ခင်ဗျားလို နာမည်ကြီး မိန်းကလေးတစ်ယောက်ကရွေးတယ် ဆိုတာ ကျွန်တော်ဖြင့် နားမလည်နိုင်ဘူး”


Tsukirmori တစ်ယောက် တစ်ခစ်ခစ် နဲ့ ရယ်ရင်း


“ရှင် ဒီလောက်ထိ အမယ် မှန်း ကျွန်မ မသိခဲ့ဘူး ၊ Nonomiya-kun မိန်းကလေး တစ်ယောက်က စပြီး ရည်းစားစကား ပြောတာကို အကြောင်းရင်းမေးတယ် ဆိုကတည်းက မိန်းကလေးတွေရဲ့ နှလုံးသားကို နားမလည်လို့ပဲ”


သူ့ပုံစံက နည်းနည်းတော့ အမြင်ကတ်ဖို့ကောင်းလာပြီ။


“ခင်ဗျားကလည်း ယောက်ျားလေး တွေ နှလုံးသား အကြောင်း နားလည်တဲ့ပုံ မပေါ်ဘူး အနည်းဆုံးတော့ ကျုပ်က ဘာမှန်းမသိ ခပ်ချောချော မိန်ကလေး တစ်ယောက် ကလာပြီး ရည်းစားစကားပြောတိုင်း လက်ခံမှာ မဟုတ်ဘူး။ လူတိုင်းမှာ စိတ်ကူးယဉ် အိပ်မက်ဆိုတာ ရှိတယ်လေ”


မျက်နာခပ်မဲ့မဲ့ဖြင့် သူမကို တုံ့ပြန် တိုက်ခိုက်လိုက်သည်။


“ဒီလိုလား ကျွန်မ သိထားတာကတော့ ယောက်ျားလေးတွေက ရည်းစားစကား အပြောခံရရင် ဝမ်းမနည်းဘူးဆို ? ”


သူမ လေသံကို နားထောင်ပြီး ကျွန်တော် ဘာပြန်ပြောရမှန်းမသိ။


“အင်း ဟုတ်တယ်လေ ဝမ်းသာတာပေါ့ ၊ ဒါပေမယ့် အဖြေကတော့ ဒီအပေါ်မှာ မမူတည်ဘူးလေ”


လက်မခံချင်သော်လည်း သူမပြောတာ မှန်နေသည်။ သတိမထားမိသော်လည်း လူတိုင်းကိုကျော်ပြီး မိမိကိုမှ ရည်းစားစကား လာပြောတာကိုတော့ ဂုဏ်ယူမိသည်။ ဒါက အတွေ့အကြုံနဲ့လည်း ဆိုင်မည် ထင်သည်။ အချစ်နှင့်ပတ်သတ်လျှင် ကျွန်တော် အလားအလာက ကောင်းလှသည်တော့ မဟုတ်။


“ဒါဆို သဘောကျနေတဲ့ မိန်းကလေးရှိလား Nonomiya-kun?”


ရုတ်ချည်းပင် ဖောက်သည်တစ်ယောက်ကို အတည်ပြုသည့် စားပွဲထိုးတစ်ယောက် လေသံဖြင့် Tsukimori လှမ်းမေးလိုက်သည်။


“ဟင့်အင်း”


Usami မျက်နာက စိတ်ထဲမှာ ဖြတ်ကနဲပေါ်လာသည်။ သို့သော် သူမကို ဖွင့်ပြောရလောက်အောင် ကြိုက်သည်ဟု ပြော၍မရသလို Tsukimori ကိုလည်း ကျွန်တော် အမှန်အတိုင်း ဖြေချင်လှသည်လည်း မဟုတ်။


“ဒါဆို အခုလက်ရှိတွဲနေတဲ့ ကောင်မလေးရောရှိလား”

“မေးခွန်းမေးတာက ဘယ်လိုကြီးလဲ ဒီနှစ်ခု မဟုတ်တာလည်းဖြစ်နိုင်တယ်လေ မဟုတ်ဘူးလား”

“အော်ဒီလိုလား ဒါဆို လက်ရှိ သဘောမကျတဲ့သူနဲ့ တွဲနေတယ်ပေါ့” အံဩသည့် အသွင်အပြင်ဖြင့် မှတ်ချက်ချသည်။

“အခုမှ ခင်ဗျားနဲ့ ပတ်သတ်ပြီး ယောက်ျားလေးတွေ ပြောနေကြတဲ့ ကောလဟလတွေ မှန်နိုင်တယ် ဆိုတာ ယုံတော့တယ်”


ပုခုံး တစ်ချက်တွန့်ရင်း ကျွန်တော် အတော်လေ လွန်လွန်ကျွံကျွံ ပြောမိလိုက်သည်။


“ကောလဟာလ ဆိုတာ ကောလဟလ ပါပဲ။ Nonomiya-kun ရှင်ဟာ ဒါတွေကိုယုံကြည်ပြီး ဝေဝါးသွားမယ့်သူမှ မဟုတ်တာ”

“သေချာလှချည်လား ဒီအတိုင်းနေရင်တောင် ဒီကောလဟလ တွေက ကြားနေရတာလေ ခင်ဗျား သိရဲ့လား?”

“ရှင်သိချင်ရင်တော့ ဘယ်ဟာက အမှန် ၊ ဘယ်ဟာက အမှားဆိုတာ ကျွန်မ ပြောပြနိုင်ပါတယ် အဲဒီ အတွက် ”

“အဲဒီအတွက် ခင်ဗျားနဲ့တွဲရမယ်ဆိုပြီး မတောင်းဆိုလောက်ဘူးလို့ မျှော်လင့်ပါတယ်”

“ကျွန်မတို့ နှစ်ယောက်က လိုက်ဖက်တဲ့ စုံတွဲပဲဟာကို!”


ကြောက်ရွံ့ခြင်း အလျင်းမရှိ ၊ ဒါတင်မက တောက်ပစွာ ပြုံးပြနေသော သူမ။


“ကျွန်တော်က ဘာဖြစ်လို့ ဒီအခြေအနေကို လက်ခံရမှာလဲ”


ဒီတစ်ခေါက်တော့ ကျွန်တော် ပြောရမည့် အလှည့်။


“ခင်ဗျား ဒီလို မိန်းကလေးမှန်း ကျွန်တော် မထင်ထားမိဘူး”


အစမှအဆုံး သူမ၏ ကကြိုးကကွက် အောက်ကိုရောက်သွားသည့် ကျွန်တော်တစ်ယောက် ဒီစကားတွေ မြန်မြန်ပြတ်ရန် မည်သို့ ဖြတ်ရမည်နည်း ဆိုသည်ကို တင်ကြို စဉ်းစားနေ၏။


“ဒါကတော့ ရှင့်ကို ကျွန်မ လေးစားလို့ပေါ့ Nonomiya-kun ! ကျွန်မတွဲချင်တဲ့သူက ရှင်တစ်ယောက်တည်းပါပဲ။ ဒါ ကျွန်မရဲ့ ဂုဏ်သိက္ခာကိုတောင် မငဲ့ပဲ ဝန်ခံတာပါ”

“ခင်ဗျားရဲ့ လေးစားမှုကိုတော့ စိတ်မကောင်းပါဘူး ၊ ကျွန်တော်ငြင်းမယ်ဆိုတာ ခင်ဗျား ကြိုမတွက် မိဘူးလား?”

“ကျွန်မလိုချင်တာ ရဖို့ တချို့အရာတွေကို ရင်းရဲပါတယ် ၊ နာကျင်ခံစားရမှာ ကြောက်နေရင်တော့ ကိုယ်လိုချင်မှာ ရမှာမဟုတ်ဘူး။ အင်း ကျွန်မ ဒီလို ဖွင့်ပြောလို့လည်း နစ်နာသွားတယ်လို့ မထင်မိဘူး”

“မယုံနိုင်စရာလောက်အောင် ယုံကြည်မှု ပြည့်ဝတာပဲ ၊ ဒါကြောင့် ခင်ဗျား နာမည်ကို -san ဆိုပြီး ထည့်ပြောကြတာ”

“ရှင်ဟာ ဒီလောက် ဖာသိဖာသာ နေတက်မယ်လို့ မထင်ခဲ့ဘူး ၊ ကျွန်မ ထင်ခဲ့တဲ့ ရှင်ဟာ ရဲရဲရင့်ရင့် ရင်ဆိုင်တက်တဲ့ လူမျိုး”

“ထင်ထားတာထက်တောင် ကျွန်တော်ဟာ ဒီလိုမျိုးကိစ္စမှာ ကွဲရှလွယ်သေးတယ် ၊ ပြီးတော့ လက်လည်းမခံနိုင်သလို အဓိပ္ပါယ်လည်းမရှိတဲ့ ဒီကိစ္စမှာ ဝင်ပါစရာ အကြောင်းမရှိဘူး”

“ရှင် ကျွန်မကို စိတ်မဝင်စားခဲ့ဘူး ဆိုရင် ပထမတစ်ခေါက် မေးတုံးက ဘာလို့ မငြင်းခဲ့တာလဲ ? ”

“ထားပါတော့! ဘာပဲပြောပြော ခင်ဗျားနဲ့တွဲရင် ငြိမ်းငြိမ်းချမ်းချမ်း နေရမှာ မဟုတ်တော့ဘူး ၊ ကျွန်တော်ဘဝမှာ လူတွေကို အာရုံစိုက်တာ မခံချင်ဘူး ဒါပါပဲ”

“ရှင်က အတော်လက်ပေါက်ကတ်တဲ့သူပဲ” ပြောပြီး အသံတိတ်သွားသည်။


ကျွန်တော်တို့နှစ်ယောက်လုံး တိတ်ဆိတ်သွားကြသည်။

အသံမဲ့ စာကြည့်တိုက် အတွင်း မြေညီထပ်ရှိ အားကစားကလပ်မှ အော်သံများပင် ကြားနေရပြီး သူမ၏ သွယ်လျသော ခြေအစုံကို ချိတ်ထိုင်လိုက်သော အခါ လေတိုက်၍ မြည်နေသော သူမစကတ်မှ အဝတ်ချင်းပွတ်တိုက်သံ က တဖျတ်ဖျတ်။

အခြေအနေကိုဂရုမစိုက်၊ သူမရဲဝံ့စွာ မျက်လုံးချင်းဆိုင်ထားပြီး တခုခုကိုပြောရန် ဟန်ပြင်နေပုံ။

ထိုမျှပင် ရုပ်ရှင်ထဲမှသကဲ့သို့ ယုတ္တိမရှိသော အဖြစ်မျိုး ကြုံနေသော်လည်း သူမထွက်ကျလာမည် နောက်ထပ် စကားလုံးများကို စောင့်နေရသည်ကို မပျင်းမိသလို ၊ ထိုအချိန် များမှာလည်း ချိုသာလာသကဲ့သို့။


“— ဘာကြောင့်ရွေးချယ် ရတာလဲ ဆိုတာ ပြောရင် ကျွန်မ ပြောတာကို ရှင်လက်ခံမှာလား”


တံတွေးကိုမျိုချမိသည်။ စိတ်ကူးထဲတွင်တော့ သူမ ပြတ်ပြတ်သားသားပင် “လူသတ်နည်း” စာရွက်ကြောင့် ဆိုသည်ကို ထုတ်ဖော်ဝန်ခံ တော့မည်ဟု ယူဆမိသည်။ ဒီလိုမျိုး ဖြေမယ် ဆိုသည်မှာ ယုတ္တိယုတ္တာမရှိပေမယ့် Tsukimori ဟာ ခန်မှန်းရခက်သည့် မိန်းကလေး ။ ထိုကြောင့် ဟုတ်ရင်လည်း ဟုတ်နိုင်သည်။ Tsukimori ရဲ့ စိတ်နေစိတ်ထားဟာ ထင်ရှား ၊ ပြတ်သားရုံ သာမက အဓိကအချက်မှာ သူမသည် အလွန်ပါးနပ်မည့်သူ။ ထိုသို့သော မိန်းကလေးမှ ကျွန်တော်ကို ချဉ်းကပ်ခြင်း ဖြစ်သည်။ ကျွန်တော်အနေဖြင့် သူမနှင့် တွဲမည့် ကိစ္စကို သံသယ မဝင်ပဲ မနေနိုင်။


“အခုထက်စာရင်တော့ လက်ခံကောင်း လက်ခံလိမ့်မယ်”


ဟု စကားအသုံးအနှုန်းကိုပါ ဂရုတစိုက် ရွေးချယ်ကာ ပြန်ပြောလိုက်သည်။ ပြော၍ ပြီးချိန်တွင်တော့ သူမ၏ ဝိုင်းစက်လှပသော မျက်လုံးအစုံကို စောင်း၍ ကြည့်လိုက်ပြီး ပိုင်ပိုင်နိုင်နိုင် ပြုံးလေသည်။


“ရှင်က ရုပ်ချောတာကိုး ၊ စကားကိုသာ ရှောင်မပြေးတက်သူ တစ်ယောက်သာ ဖြစ်ရင် ကျွန်မ ပိုများသဘောကျမိမလား မသိဘူး”


သူမတုံ့ပြန်မှုက အတော်လေး ပြင်းထန်သည်။ ကျွန်တော် ခြေထောက်များ ပျော့ခွေသွားပြီး ခြေအစုံကို မယိုင်လဲအောင် မနည်းထိန်းသိမ်း လိုက်ရသည်။


“တိုက်ဆိုင်လိုက်တာ ကျွန်တော်လည်း ခင်ဗျားကို အင်မတန်မှ ချောတယ်လို့ ထင်ခဲ့တာ ခင်ဗျားရဲ့ အပြုအမှုက လွဲရင်ပေါ့”

“ဒါဆို ကျွန်မတို့က လိုက်ဖက်တဲ့ စုံတွဲဆိုတာ လက်ခံပြီပေါ့ မဟုတ်ဘူးလား”

“အင်း မကောင်းတဲ့ ဘက်မှာဆိုရင်ပေါ့”


သူမ ကျွန်တော်ကို အသည်းတအေးအေး ဖြစ်အောင် ဆက်တိုက် ကစားနိုင်ခဲ့သည်။ Tsukimori Youko သည် သူမ၏အဖေကို သတ်မည့် တရားခံဟု ထင်သည် ကို ရုတ်တရက် ပေါကြောင်ကြောင်နိုင်သည် ၊ ရှက်သည် ဟု ခံစားလာရသည်။ တကယ်တော့ Tsukimori ဟာ ရဲ့ရင်ပြတ်သားသော မိန်းကလေး တစ်ယောက် ၊ ထိုကဲ့သို့ စိတ်ရူးပေါက်ပြီး လုပ်မည်ဟု မထင် ၊ သူမ၏အဖေကို သူမ မုန်းတီးသည် ဆိုရင်တောင် သတ်ဖြတ်သည် ဆိုသည့် နည်းလမ်း အစား အခြား နှိမ်နင်းနိုင်သည့် နည်းလမ်း အများအပြား ရှိနိုင်လေသည်။

ရှေးဦးစွာ လူသတ်မှုကျူးလွန်ခဲ့သည်ဟု ယူဆရသည့် လူတစ်ဦးသည်က ထိုမျှ တည်ငြိမ်နိုင်မည်လောဟု စဉ်းစားမိသည်။ သူမသည် ထူးခြားသည့် မိန်းကလေး တစ်ယောက် ၊ သို့သော် သူမ၏ စိတ်ထဲတွင် ဆိုးရွားသည့် စိတ်စေတနာတစက်မှ မရှိနိုင်ဟု ထင်မြင်မိသည်။ ရုတ်တရက် ကျွန်တော် နဖူးကို တစုံတခုက လာထိသလို ခံစားရသည်။ လန့်ဖြန်ပြီး နောက်သို့ ရုတ်တရက် ခုန်လိုက်မိသည်။


“— တောင်းပန်ပါတယ်”


ကြည့်လိုက်သောအခါ Tsukimori တစ်ယောက် ခုံမှထကာ သူ၏ သွယ်ပျောင်းနူးညံ့လှသည့် လက်ချောင်းများကလည်း ကျွန်တော်ဆီသို့ လှမ်းလာလေသည်။


“ရှင့် ဆံပင်က ကြည့်လို့ကောင်းလို့ ကျွန်မ ကိုင်ကြည့်ချင်လို့”


သိရခက်သည့် အပြုံးနဲ့ ကျွန်တော်ကို ပြုံးပြသော အခါ လရောင်ကဲ့သို့ ဝင်းလက် လှပ။


— တကိုယ်လုံး ကြက်သီးမွေးညှင်း ထမိသည်။

သူမသည် ဒီကမ္ဘာမြေမှပင် ဟုတ်ပါလေရဲ့လား။

“အသေအချာတွေးကြည့်ပါဦး” ဟုပြောကာ အပြင်ထွက်သွားလေ၏။


သူမ ထွက်သွားချိန်တွင် သူမ ဆံလွှာတချို့ ကျွန်တော် ပါးပြင်ကို ရိုတ်ခတ်မိပြီး နှင်းဆီရနံ့ များ လွမ်းခြုံသွားသည်။

ကျွန်တော် သူ့အကြောင်း စုံစမ်းလေလေ ၊ နားမလည်နိုင်လေလေ ။ ဒါကြောင့် Kamogawa က သူမ ကို စပျစ်ဝိုင် ဟူ ညွန်းဆိုခြင်း ဖြစ်ရမည်။ တကယ်ကိုပဲ ကျွန်တော် Tsukimori Youko ၏ ရနံ့ ကို နမ်းရှိုက်မိပြီး အဆိပ်သင့်သွားလေ၏။